နောက်ဆုံး ရေးသားချိန် 6 ဧပြီလ 2010 - 17:37 GMT

ဗြိတိန် ရွေးကောက်ပွဲ ကျင်းပမဲ့နေ့ ကြေညာ

Gordon Brown

ဝန်ကြီးချုပ်နဲ့ သူ့ရဲ့လေဘာ ပါတီဝင် ဝန်ကြီးတွေ

ဗြိတိန် နိုင်ငံမှာ မေလ ၆ ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဝန်ကြီးချုပ် ဂေါ်ဒန် ဘရောင်း က ထုတ်ဖေါ် ကြေညာလိုက်ပါတယ်။

အခုလို ရွေးကောက်ပွဲ ကျင်းပမဲ့နေ့ရက် သတ်မှတ် လိုက်အပြီးမှာဘဲ အဓိက နိုင်ငံရေး ပါတီကြီးတွေက မဲဆွယ် စည်းရုံးမှုတွေ ဒုန်းစိုင်း လုပ်ခဲ့ကြပါတယ်။

ဒေါင်းနင်းလမ်းက အမှတ် ၁၀ ဝန်ကြီးချုပ် အိမ်ရှေ့မှာ ထွက်ပြီး ရွေးကောက်ပွဲနေ့ ထုတ်ဖေါ် ကြေညာပြီးပြီးချင်းမှာ ဝန်ကြီးချုပ် ဂေါ်ဒန် ဘရောင်း က လေဘာ ပါတီကို ထောက်ခံကြဖို့ သူ့လေဘာ ပါတီဝင် ကက်ဘိနက် ဝန်ကြီးတွေ နဲ့အတူ မဲဆွယ် စည်းရုံးသွားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ ရင်ဆိုင်နေရတဲ့ ဆယ်စုနှစ်ပေါင်းအတွင်း အဆိုးဝါးဆုံး စီးပွားရေး ကျဆင်းမှုကြီး ကနေ ပြန်နလံ ထူလာနိုင်ဖို့အတွက် လေဘာ ပါတီကို ဆက် ထောက်ခံကြဖို့ ပန်ကြားသွား ပါတယ်။

ဗြိတိန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် အစိုးရ သက်တမ်း ၄ ကြိမ် ဆက်တိုက် ဆက် ကိုင်စွဲ ထားနိုင်ဖို့ ဝန်ကြီးချုပ် ဘရောင်း ရဲ့ လေဘာ ပါတီက ကြိုးစားနေတာပါ။

အဓိက အတိုက်အခံ ပါတီကြီးဖြစ်တဲ့ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် ဒေးဗစ် ကင်မရွန် က စီးပွားရေး ကိစ္စရပ်ဟာ အတိုက်အခံ ပါတီတွေအတွက်လည်း အဓိက ကိစ္စရပ်ကြီး ဖြစ်ပြီး လေဘာ အစိုးရကြောင့် ဗြိတိန်နိုင်ငံမှာ ဘတ်ဂျက် လိုငွေပြမှုတွေ၊ ကာလ တာရှည် စီးပွားရေး ကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ ဒါ့ကြောင့် လေဘာ အစိုးရရဲ့ ၁၃ နှစ်ကြာ အုပ်ချုပ်ခံခဲ့ရတဲ့ ဗြိတိန် နိုင်ငံအနေနဲ့ အပြောင်းအလဲ လုပ်ရမဲ့ အချိန် ရောက်ပြီလို့ ပြောကြား ခဲ့ပါတယ်။

နောက်အတိုက်အခံ ပါတီကြီးတခုဖြစ်တဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီကတော့ သူတို့ ပါတီ ကသာ တိုင်းပြည်အတွက် တကယ့် အပြောင်းအလဲ လုပ်ပေးနိုင်တဲ့ ပါတီ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီခေါင်းဆောင် သုံးဦး စလုံးဟာ သူတို့ ပါတီတွေအတွက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။