
အမေရိကန်သံရုံးကို တာလီဘန် တိုက်ခိုက်
ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့မှာ ဒီနေ့ မနက်ပိုင်းတုန်းက အမေရိကန် ကောင်စစ်ဝန်ရုံးနား ပေါက်ကွဲမှုနဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဟာ သူတို့လက်ချက်လို့ ပါကစ္စတန် တာလီဘန်အဖွဲ့က ဆိုလိုက်ပါတယ်။
ဒီနေ့ မနက်တုန်းက ကောင်စစ်ဝန်ရုံး နားမှာ ပေါက်ကွဲမှု တချို့ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင် တိုက်ခိုက်မှု တွေလည်း ဖြစ်ပွား ခဲ့ပါတယ်။
ဒါပေမယ့် တိုက်ခိုက်ရေး သမားတွေဟာ ကောင်စစ်ဝန်ရုံးထဲ အထိတော့ မဝင်နိုင်ခဲ့ကြပါဘူး။ မြို့ပေါ်မှာ မီးခိုးတွေ ဖုံးလွှမ်းနေခဲ့ပြီး အချိန်တော်တော် ကြာတဲ့အထိ လုံခြုံရေးနဲ့ လက်နက်ကိုင်တွေကြားတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။
တာလီဘန်တွေက အမေရိကန်ကို သူတို့ရန်သူလို့သဘောထားပြီး ဆက်လက်တိုက် ခိုက်မှုတွေလုပ်သွားဦးမယ်လို့ တာလီဘန် သူပုန်ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က ဆိုပါတယ်။
တချိန်တည်းမှာပဲ ပါကစ္စတန် အနောက်မြောက်ပိုင်းက နိုင်ငံရေးဟောပြောပွဲတခုမှာ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၂၅ ယောက်သေဆုံးခဲ့သလို ဆယ်ဂဏန်းတချို့ဒဏ်ရာရခဲ့ ကြပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေက အပျက်အစီးတွေကြား အသက်မသေဘဲ ပိတ်မိနေသူတွေ ရှိမရှိရှာဖွေနေပါတယ်။
လူပေါင်းရာဂဏန်းတော်တော်များများ တက်ရောက်ကြတဲ့ အဲဒီဟောပြောစည်းရုံးပွဲကို ဘာသာရေးနဲ့ မပတ်သက်တဲ့ အဝါမီ အမျိုးသားပါတီ က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။
အဝါမီ အမျိုးသားပါတီဟာ တာလီဘန်နဲ့ အစ္စလာမ် ဘာသာဝင်တက်ကြွသူတွေကို ပြတ်ပြတ်သားသားဆန့်ကျင်တဲ့ ပါတီတခုဖြစ်ပြီး အရင်ကလည်း ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရဖူးပါတယ်။

