နောက်ဆုံး ရေးသားချိန် 4 ဧပြီလ 2010 - 16:08 GMT

ဗီယက်နမ်ကို ဥက္ကဌမို့ အခွင့်အရေး ပေးတာ မဟုတ်

ယခုနှစ် အာဆီယံ ဥက္ကဌ အဖြစ် တာဝန် ယူထားတဲ့ ဗီယက်နမ် နိုင်ငံရဲ့ ဝန်ကြီးချုပ် ငုယင် တန်စွန်းက မြန်မာနိုင်ငံဆီ သုံးရက်ကြာ သွားရောက် လည်ပတ်ပြီးနောက် နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်ကို ဒီကနေ့ ထုတ်ပြန်ခဲ့တာမှာ မြန်မာ့ စီးပွားရေး နယ်ပယ် ၁၂ ခုမှာ ဗီယက်နမ်က ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ဖို့ စိတ်ဝင်စားတဲ့ အကြောင်းတွေ ပါခဲ့ပါတယ်။

Myanmar

၂၀၀၈ ခုနှစ် မေလက နာဂစ် ဆိုင်ကလုန်းဒဏ် ခံလိုက်ရသူ တချို့ကတော့ လိုနေဆဲပါ

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သတ္ထုတူးဖော်ရေး၊ လေကြောင်းနဲ့ ဘဏ်လုပ်ငန်း စသဖြင့် စီးပွားရေး လုပ်ငန်း တွေမှာ ဗီယက်နမ်က ရင်နှီးမြှုပ်နှံမှုတွေ လုပ်မှာဖြစ်ပါတယ်။ ဗီယက်နမ်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့ကိစ္စမှာ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဘယ်အခန်း ကဏ္ဍက ပါပါသလဲ၊ UMFCCI ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မောင်မောင်လေးက မြန်မာ လုပ်ငန်းရှင် တွေနဲ့ ချိတ်ဆက် ပေးပါတယ်လို့ ပြောပါတယ်။

ဒီကနေ့ သဘောတူခဲ့တာတွေနဲ့ ပတ်သက်ပြီး ဗီယက်နမ်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဘယ်ရွေ့ဘယ်မျှ လုပ်မှာပါလဲ၊ ဒေါက်တာ မောင်မောင်လေးက စာရင်း ဇယားနဲ့ တွက်ချက် ထားတာမျိုး တိတိကျကျ မရှိသေးပါဘူးလို့ ပြောပါတယ်။

ဒီလိုရင်းနှီးမြှုပ်နှံနိုင်ဖို့ အခွင့်အလမ်းတွေပေးဖို့ မြန်မာက သဘောတူခဲ့တာဟာ နှစ်နိုင်ငံကြား စီးပွားရေး အခွင့်အလမ်းတွေ ချဲ့ထွင်ဖို့ အတွက်သာ ဖြစ်ပြီး၊ ဗီယက်နမ်ဟာ အာဆီယံရဲ့ လက်ရှိ ဥက္ကဌမို့ အခွင့်အရေး ပေးတာမျိုး မဟုတ်ဘူးလို့တော့ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ရှိတဲ့ ဗီယက်နမ် ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေထဲမှာ အများပိုင် ကုမ္ပဏီတွေကရော၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေရော ပါတယ်လို့ သိရပါတယ်။

မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံတို့ဟာ အရှေ့-အနောက် စီးပွားရေး စင်္ကြံမှာ တစ်ဖက် တစ်ချက်စီမှာရှိပြီး စီးပွားရေးတွေ ပွင့်လင်းလာပြီး ကုန်သွယ်ရေး အားသာချက်တွေ ရှိလာရင်တော့ သူနိုင်-ကိုယ်နိုင် win-win နှစ်နိုင်ငံလုံး အကျိုးကျေးဇူး ခံစားရမှာပါလို့ ဒေါက်တာ မောင်မောင်လေးက သုံးသပ်ပါတယ်။

ဒီလို အကျိုးကျေးဇူးတွေ အမှန်တကယ် ခံစားခွင့်ရဖို့ကတော့ စိတ်အား ထက်သန်မှုက အရေးကြီးပါတယ်လို့ ဒေါက်တာ မောင်မောင်လေးက ထပ်လောင်း ပြောကြား ခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။