
နာဂစ်မုန်တိုင်း လူမှုလုပ်ငန်း
အမေရိကန်ပြည်ထောင်စု ရှိ မြန်မာမိသားစု တွေစုပေါင်းပြီး မြန်မာပြည်တွင်း စေတနာ့ဝန်ထမ်း၊ လူမှုလုပ်ငန်း စွမ်းဆောင် နေသူတွေကို ရွေးချယ် ဂုဏ်ပြုတဲ့ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့် တဲ့ အစီအစဉ် စတင်နေပါပြီ။
အမေရိကန်နိုင်ငံတွင်းရှိ မြို့အသီးသီးမှ မြန်မာ မိသားစုတွေက လူမှုရေးလုပ်ငန်း ဆောင်ရွက်ကြတဲ့ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း တရပ်ရပ် ကို အင်တာနက်မှာ မဲပေးပြီး ရွေးချယ်ကြတာပါ။
ဧပြီလ ၂၄ ရက် နေ့မှာ ၂၀၀၉ ခုနှစ် အတွက် ပြည်သူ့ဂုဏ်ရည် ဆုရရှိ သူကို၊ ငွေသား အနည်းဆုံး အမေရိကန် ဒေါ်လာ ငါးထောင် နဲ့ ဂုဏ်ထူးဆောင် အထိမ်းအမှတ် လက်ဆောင် ကို အခုနှစ် အိမ်ရှင်မြို့ အဖြစ် တာဝန်ယူတဲ့ Los Angeles က အခန်းအနား နဲ့ တကွ ကြေငြာပေးမှာပါ။
နာဂစ်မုန်တိုင်းဒဏ် ခံရသူတွေ အပေါ် ကယ်ဆယ်ရေး နဲ့ ကူညီသူများ၊ နာရေးကူညီမှု အသင်း၊ ပညာဒါန၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုကယ်ဆယ်ရေး အစရှိတဲ့ လုပ်ငန်းတွေမှာ အနစ်နာခံ ပြုလုပ် နေတဲ့ ရဟန်းသံဃာတော် တွေ၊ လူပုဂ္ဂိုလ် တွေနဲ့ အဖွဲ့အစည်း ( ၁၇ ) ခု စါရင်းတင်သွင်း ထားကြပါပြီ။ ဧပြီလ ၂၁ ရက်နေ့ နောက်ဆုံးထား မဲပေးနိုင်တဲ့ အကြောင်း၊ စီစဉ်သူ တဦးဖြစ်တဲ့ စာရေးဆရာ ကိုထိန်လင်း က ဘီဘီစီ ကို ပြောပြပါတယ်။

