
၂ဝဝရ ခုနှစ်တုန်းက မေတ္တာသုတ် ရွတ်ဆိုပြီး ဆန္ဒပြ လမ်းလျှောက်ခဲ့ကြတဲ့ သံဃာ့အာဇာနည်များ
မြန်မာ အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေမှာ ဘာသာရေးကို နိုင်ငံရေး အတွက် အလွဲသုံးစား မပြုရလို့ ဖော်ပြထားပါတယ်။
အဲဒီ အဓိပ္ပါယ်ဖွင့်ဆိုချက် အရ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်အောင် ဘုရားမှာ ဆုတောင်းတာကို နိုင်ငံရေး ကိစ္စလို့ သတ်မှတ်ပါသလားလို့ အမေရိကန် ပြည်ထောင်စုမှာ သံဃာ့တပ်ပေါင်းစု တာဝန်ခံအဖြစ် သီတင်းသုံးတော်မူတဲ့ ဆရာတော် ဦးပညာဇောတိကကို ဘီဘီစီက မေးမြန်း လျှောက်ထားခဲ့ပါတယ်။
ဆရာတော်က မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်း မဆို အကျဉ်းသား လွတ်မြောက်ရေး အတွက် ဆုတောင်းခွင့် ရှိကြောင်း ၊ ဒါကို ဘာသာရေးကို နိုင်ငံရေးအရ ခုတုံး လုပ်တယ်လို့ ဆိုရင် မှားမယ်လို့ ပြောလို့ရကြောင်း မိန့်ကြားသွားခဲ့ပါတယ်။
အရင်ကရော အလားတူ ကန့်သတ်ချက်တွေ ရှိခဲ့ပါသလားလို့ ဆရာတော်ကို လျှောက်ထား ကြည့်ခဲ့ပါတယ်။
အဲဒီအခါမှာ ဆရာတော်က ကန့်သတ်ချက်တွေ ရှိပေမယ့် သံဃာတော်တွေ အနေနဲ့ ချိုးဖောက်တာ မရှိခဲ့တဲ့ အကြောင်း ၊ အုပ်ချုပ်တဲ့ စစ်အစိုးရ တွေကသာ လိုအပ်ရင် လိုအပ်သလို ဘာသာရေးကို နိုင်ငံရေးထဲမှာ ထည့်သုံးတဲ့ အကြောင်း အထူးသဖြင့် နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ကြီးများ ကိုယ်တိုင်ပင် အစိုးရရဲ့ အသုံးချမှုတွေ ခံနေရတဲ့ အကြောင်း ဆရာတော် ဦးပညာဇောတိက ဘီဘီစီကို မိန့်ကြား ဖြေဆိုခဲ့ပါတယ်။

