နောက်ဆုံး ရေးသားချိန် 7 မတ်လ 2010 - 16:40 GMT

ရွေးကောက်ပွဲ ကျင်းပနေစဉ် ဗုံးခွဲမှုတွေဖြစ်

iraq election

ရွေးကောက်ပွဲတွေပျက်အောင် ဗုံးခွဲမှုတွေလုပ်ခဲ့

အမေရိကန် ဦးဆောင်တဲ့ ပူးပေါင်း တပ်ဖွဲ့ တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ချိန် ၂၀၀၃ ခုနှစ် ကတည်းကစပြီး အီရတ်နိုင်ငံမှာ ဒုတိယ အကြိမ် အဖြစ် ပါလီမန် ရွေးကောက်ပွဲတွေ ကျင်းပနေစဉ် ဗုံးခွဲ တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ ပါတယ်။

ဘဂ္ဂဒက်မြို့တော်မှာ အဆောက်အအုံ ၂ ခု ထိခိုက် ပျက်စီးခဲ့ပြီး မြို့တော်တဝိုက်နဲ့ တခြားနေရာတွေကို မော်တာ အမြောက်တွေနဲ့ တိုက်ခိုက် ခံခဲ့ရပါတယ်။

အီရတ်နဲ့ ကပ်ရက် အီရန်နယ်စပ်ကို ပိတ်ထားလိုက်ပြီး တပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီ ချထားလိုက်သလို လမ်းမတွေပေါ်မှာလည်း မော်တော်ယာဉ် သွားလာခွင့်တွေ ပိတ်ပင် ထားပါတယ်။

အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပေမဲ့လည်း မြို့အတော်များများမှာ လူအများအပြား လာရောက် မဲပေးခဲ့ကြပြီး မဲရုံတွေမှာ မဲပေးဖို့ လူတွေ တန်းစီ စောင့်ဆိုင်းနေခဲ့ကြပါတယ်။

ဒီရွေးကောက်ပွဲမှာ ပါဝင် မဲပေးတာဟာ ဒီမိုကရေစီစနစ်ကို မြှင့်တင်ပေးရာ ရောက်တဲ့ အတွက် လာရောက် မဲပေးကြဖို့ မဲဆန္ဒရှင်တွေကို အီရတ် ဝန်ကြီးချုပ် နူရီ မာလီခီ က မေတ္တာ ရပ်ခံထားပါတယ်။

အစ္စလာမစ် လက်နက်ကိုင်တွေကတော့ ဗုံးခွဲ တိုက်ခိုက်မှုတွေ လုပ်ပြီး ရွေးကောက်ပွဲတွေ ပျက်အောင် ဖျက်မယ်လို့ သံဓိဌာန်ချ ပြောဆိုခဲ့ကြပြီး လူတွေကို မဲသွားမပေးကြဖို့ သတိပေးထားတဲ့ စာရွက်စာတမ်းတွေကို အယ်လ်ကိုင်ဒါနဲ့ ဆက်နွယ်နေတဲ့ အုပ်စုတစုက ဘဂ္ဂဒက်မြို့မှာ လိုက်လံ ဖြန့်ဝေခဲ့ပါတယ်။

တနင်္ဂနွေနေ့က ဗုံးခွဲ တိုက်ခိုက်မှုတွေ ရှိခဲ့ပေမဲ့လည်း အီရတ်နိုင်ငံ တဝှမ်း မဲရုံပေါင်း ၅ သောင်း လောက်မှာ မဲရုံ ၂ ရုံဘဲ လုံခြုံရေး အခြေအနေအရ ခေတ္တ ပိတ်ခဲ့ရ တယ်လို့ အီရတ်နိုင်ငံရဲ့ သီးခြား လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ဒီပါလီမန် ရွေးကောက်ပွဲမှာ ပါလီမန်အမတ်နေရာ ၃၂၅ နေရာအတွက် ပါတီအဖွဲ့ခွဲ ၈၂ ဖွဲ့က အမတ်လောင်းတွေ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး အီရတ်ပြည်သူ ၁၉ သန်း မဲပေးခွင့် ရှိမှာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။