
အီရတ်နိုင်ငံမှာ ပါလီမန်ရွေးကောက်ပွဲအတွက် စပြီးမဲပေးနေကြပါပြီ။
ပထမဆုံးမဲပေးတဲ့နေ့မှာပဲ အသေခံဗုံးခွဲသူတွေက ဘဂ္ဂဒက်မြို့က မဲရုံ တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ သီးခြားတိုက်ခိုက်မှု ၂ ခုအတွင်း စစ်သား ရ ဦး ထက်မနည်း သေဆုံးပြီး အတော်များများဒဏ်ရာရသွားခဲ့ပါတယ်။
အဓိက မဲပေးကြမယ့် တနင်္ဂနွေနေ့မတိုင်ခင် လုံခြုံရေးကို အာရုံစိုက်နိုင်အောင် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၅သိန်းကျော်တို့ ဒီကနေ့ စောစော မဲပေးခဲ့ကြပါတယ်။
ကုလသမဂ္ဂရဲ့ အီရတ်ဆိုင်ရာ အထူးကိုယ်စားလှယ် Ad Melkert က" ဒါဟာအီရတ်တို့ကိုယ်တိုင်လုပ်တဲ့ ရွေးကောက်ပွဲဆိုတာ သံသယဖြစ်စရာမရှိပါဘူး အီရတ်ပါလီမန်က ရွေးကောက်ပွဲဥပဒေ အတည်ပြုပြဌန်းခဲ့တာကစလို့ ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူအကောင်အထည်ဖေါ်ခဲ့ပြီး အဆင့်ဆင့်မှာ အီရတ်တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်မှုနဲ့ လုပ်ခဲ့တာကို ကျွန်တော်မျက်မြင်ပါဘဲလို့" ပြောခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုက အီရတ်ကနေ လာမဲ့ လတွေမှာ တပ်ဖွဲ့ဝင်အရေအတွက်ကို တဝက်လျော့ချဖို့ ပြင်ဆင်နေတာကြောင့် အခုရွေးကောက်ပွဲဟာ အီရတ်မှာ တည်ငြိမ်မှု ရှိမရှိ အဓိက စမ်းသပ်မှုတရပ်လို့ မြင်နေကြတယ်လို့ ဘဂ္ဂဒက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်ကပြောပါတယ်။

