နောက်ဆုံး ရေးသားချိန် 3 မတ်လ 2010 - 01:29 GMT

ဟာမတ်စ်ခေါင်းဆောင်ရဲ့သား အစ္စရေး သူလျှိုလုပ်ခဲ့

Mosab Yousef

သူ့လုပ်ရပ်ကို နောင်တမရပါဘူးလို့ မူဆပ်ယူစွပ် ကပြော

ပါလက်စတိုင်း စစ်သွေးကြွ ဟာမတ်စ်အဖွဲ့ကို ဦးဆောင် ထူထောင်ခဲ့သူ တဦးဖြစ်တဲ့ ရှိတ်ဟာဆန် ယူစွပ်ရဲ့ အကြီးဆုံး သားဖြစ်သူ မူဆပ် ဟာဆန် ယူစွပ်က သူဟာ အစ္စရေး ပြည်တွင်း ထောက်လှမ်းရေး အဖွဲ့ ရှင်းဘက်ရဲ့ သတင်းပေး အဖြစ် ဆယ်နှစ်ကျော်ကြာအောင် လုပ်ပေးခဲ့တယ်လို့ ထုတ်ပြော လိုက်ပါတယ်။

အခုအခါ ခရစ်ယာန် ဘာသာဝင် အဖြစ်ပြောင်းလဲ ခံယူခဲ့ပြီး အမေရိကန်မှာ နေထိုင်နေတဲ့ မစ္စတာ မူဆပ် ဟာဆန် ယူစွပ်က နောက်ဆုံး ထုတ်လိုက်တဲ့ စာအုပ်ထဲမှာ ရှင်းဘက်နဲ့ အလုပ်လုပ်ခဲ့တဲ့ အကြောင်း ထုတ်ဖော်ရေးသား ထားတာပါ။

သူဟာ ၁၉၉၆ ခုနှစ်မှာ အစ္စရေးတို့ဖမ်းထားရာက ပြန်လွှတ်ပေးလိုက်ချိန်က စလို့ သတင်းပေးအဖြစ် စလုပ်ခဲ့တာလို့ဆိုပါတယ်။

ပထမတုန်းကတော့ အစ္စရေးတွေ အတွက် အလုပ်လုပ်ပေးဖို့ မဟုတ်ပဲ အစ္စရေးထောက်လှမ်းရေး အဖွဲ့ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ အကြံအစည်နဲ့ စပြီးလုပ်ခဲ့တာလို့ သူက ပြောပါတယ်။

သူက အစ္စရေးထောက်လှမ်းရေးကို ပါလက်စတိုင်း အသေခံဗုံးခွဲရေးသမားတွေ အကြောင်းနဲ့ သူ့အဖေအပါအဝင် ဟာမတ်စ်ခေါင်းဆောင်တွေနဲ့ ပြိုင်ဖက် ဖာတားအုပ်စုက ခေါင်းဆောင်တွေ အကြောင်း သတင်းတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။

သူ့ကို တချို့က သစ္စာဖောက်လို့ မြင်ကြမှာ ဖြစ်ပေမယ့် သူ့လုပ်ရပ်တွေ အတွက် နောင်တ မရကြောင်း၊ သူကြားဝင်လုပ်ပေးလို့ အစ္စရေးတွေ ပါလက်စတိုင်း အသေခံဗုံးခွဲ သမားတွေ ကြောင့် သေဆုံးရမှုနဲခဲ့သလို၊ ပါလက်စတိုင်းခေါင်းဆောင်တွေကို အစ္စရေးက လုပ်ကြံမယ့် ဘေးကနေလဲ ကာကွယ်ပေးနိုင်ခဲ့တယ်လို့ မစ္စတာ မူဆပ်ဟာဆန် ယူစွပ်က ပြောပါတယ်။

အခုအခါ အစ္စရေးထောင်ထဲမှာ ရှိနေတဲ့ သူ့အဖေကတော့ သူ့ကို သားအဖြစ်က စွန့်လွှတ်လိုက်တယ်လို့ ရေးသားထားတဲ့ စာတစောင်ကိုလည်း ဟာမတ်စ် အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။