တိုင်းမ်မဂ္ဂဇင်းကို ရန်ကုန်မှာ ကန့်ကွက် ဆန္ဒပြ

30 ဇွန် 2013 18:01 GMT နောက်ဆုံး ရေးသားသည်။

တိုင်းမ်မဂ္ဂဇင်းကို ရန်ကုန်မှာ ကန့်ကွက် ဆန္ဒပြ
မန္တလေး မစိုးရိမ် ကျောင်းတိုက်က နာယက ဆရာတော် တပါး ဖြစ်တဲ့ ဦးဝီရသူကို THE FACE OF BUDDHIST TERROR ဟု ဖော်ပြ ထားတဲ့ ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းကို သံဃာတော် တွေနဲ့ လူထု ပရိသတ် ၁ ထောင်ကျော်က ရန်ကုန်မြို့မှာ ဇွန်လ ၃၀ ရက်နေ့က ကန့်ကွက် ဆန္ဒပြ ခဲ့ကြပါတယ်။
ဇူလိုင်လ ထုတ် တိုင်းမ် မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ အခုလို ဖေါ်ပြထားတာ ဖြစ်ပြီး၊ အဲဒီ ကိစ္စ အပေါ် မြန်မာ အစိုးရက ကန့်ကွက် ကြောင်း သတင်း ထုတ်ပြန် ခဲ့တာကို လည်း ဆန္ဒပြ သူတွေက ထောက်ခံကြောင်း ဆန္ဒ ဖေါ်ထုတ် ခဲ့ကြ ပါတယ်။
ဒီဆန္ဒ ထုတ်ဖေါ် ပွဲကို ဦးဆောင်တဲ့ ဆရာတော် တွေထဲက ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် မကွေး ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးပါမောက္ခက အခု ဆန္ဒ ထုတ်ဖေါ် ပွဲဟာ ဘယ်သူ့ ကိုမှ၊ ဘယ်ဘာသာ ကိုမှ စော်ကား တိုက်ခိုက်တာ မဟုတ်ကြောင်း မိန့်ပါတယ်။
ဗုဒ္ဓဝါဒ ဟာ မေတ္တာ တရားကို အခြေခံတဲ့ ငြိမ်းချမ်းရေး ဝါဒ ဖြစ်တာကြောင့် တိုင်းမ် မဂ္ဂဇင်းရဲ့ ရေးသား ဖေါ်ပြချက် တွေဟာ ဦးဝီရသူ ကိုတင် မက ဗုဒ္ဓဘာသာ ဝင် အားလုံးကို စော်ကားရာ ရောက်တယ်လို့ ဆရာတော်က ပြောပါတယ်။
နောက်ပြီး ဗုဒ္ဓဘာသာကို အကြမ်းဖက် ဝါဒဆိုပြီး တခြား ဘာသာတွေက ထင်ယောင် ထင်မှား မဖြစ် စေဖို့၊ ကမ္ဘာကို သိစေချင် တဲ့ ရည်ရွယ်ချက်နဲ့ အခုလို ဆန္ဒ ထုတ် ဖေါ်တာ လို့လည်း ပြောပါတယ်။