BBC navigation

ထမင်းတနပ်လျော့စားလို့ လယ်သမားတွေ အကြွေးဆပ်နိုင်မလား

နောက်ဆုံး ရေးသားချိန် 6 ဖေဖေါ်ဝါရီလ 2013 - 15:56 GMT

မီဒီယာ ပလေးယား

နားဆင်နိုင်ပါတယ်

ဒီကနေ့ လယ်သမားတွေ အဓိကကြုံနေရတဲ့ ပြသနာက ကြွေးမြီထူပြောတာဖြစ်တယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ် ။

လယ်ယာနဲ့ဆည်မြောင်းဝန်ကြီးကတော့ ထမင်းတနပ်လျော့စားပြီး အကြွေးတွေကို ဆပ်ဖို့ အကြံပြုခဲ့ပါတယ်။

ဒီလို အကြံပြုချက်ဟာ ဘယ်လောက်လက်တွေ့ ကျတဲ့ ဖြေရှင်းနည်းလို့ သောတရှင်တွေ ယူဆကြပါသလဲ

လယ်သမားတွေကြုံနေရတဲ့ ပြသနာတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြေရှင်းသင့်ပါသလဲ

ဖေဖေါ်ဝါရီလ ၆ ရက်နေ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေ ဆွေးနွေးခဲ့ကြရာမှာ သောတရှင်တွေနဲ့အတူ

မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းဥက္ကဌ ဒေါက်တာစိုးထွန်း နဲ့ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး

တို့ပါဝင်ဆွေးနွေးထားတာကို နားဆင်နိုင်ပါတယ်။ နားထောင်ပြီး တခုခု ပြောချင်ရင် အီးမေးနဲ့ဆိုရင် burmese@bbc.co.uk ကို ရေးသား ဆက်သွယ်နိုင် သလို တယ်လီဖုန်း နံပတ် ၀၀၄၄ ၂၀၃၆၁ ၄၄၀၆၄ ကို ဆက်သွယ်ပြီး နိုင်ငံ ဖုံးနံပတ် အမည်နဲ့ ပြောလိုတဲ့ အကြောင်း အရာကို အသံသွင်းစက်ထဲ ပြောထားခဲ့နိုင်ပါတယ်။

အီးမေးနဲ့ဆက်သွယ်သူများ

၀န်ကြီးကို BBC ကနေတဆင့် အကြံ ပြုချင်ပါတယ်။ တပ်မတော် ကနေ လယ်ယာမြေ တွေကိုအဓမ္မသိမ်းပြီး လယ်သမားတွေကို ပြန်ပြီးသီးစားချပေးနေတယ်လို့ BBC VOA သတင်းတွေမှာ မကြာခဏကြားနေရပါတယ်။ အဲဒီတော့
၁။တပ်မတော်ကနေ သိမ်းထားတဲ့လယ်မှာ အဲ့ဒီ၀န်ကြီးကို ၃ နှစ်လောက် ကိုယ်တိုင်လယ်လုပ်ခိုင်းကြည့်ပါ။ မိုးခေါင်တာရေကြီးတာဆိုတဲ့ သဘာ၀ဘေးအန္တရာယ်တွေ လာမပြောနဲ့ ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာဘဲလိုချင်တယ်ဆိုတဲ့သဘောနဲ့ အချိန်တန်ရင် သီးစားခပေးရတဲ့ လယ်သမားတွေရဲ့ ဘ၀အစစ်အမှန်နဲ့ တပ်မတော်ရဲ့
သဘောထား အမှန်ကို ၀န်ကြီးနားလည်ပြီး ကိုယ်ချင်းစာတတ်သွားမှာပါ။
၂။ ဒါမှမဟုတ် မပြေလည်တဲ့ လယ်သမားတွေ တနပ်လျှော့စားရမဲ့အစား လွှတ်တော်မှာ တနေ့တာ ရတဲ့ လုပ်အားခတွေကို(ပြောတဲ့၀န်ကြီးကိုသာဆိုလိုပါသည်။) တ၀က်စီ
လျှော့ယူပြီး ဖြေရှင်းပေးနိုင်ရင် မြန်မြန် အကြွေးကျေ နိုင်ပြီး တကယ် လယ်သမားတွေ အပေါ် စေတနာမှန်ရာလဲရောက်ပါကြောင်း BBC ကနေတဆင့်ပြောပြလိုက်ရပါတယ်ခင်ဗျား။

အောင်ကောင်းမြတ်


လယ်သမားတွေခမျာ စိုက်ထားတဲ့စရိတ် ပြန်ရဖို့နေနေသာသာ တခါတလေ ရှိသမျှအရင်းတွေပါ ပါသွားတယ် ရာသီဥတုဒဏ်ကြောင့် တပိုင်းပေါ့ ထွက်လာတဲ့ ကုန်ကြမ်း ကျတော့ လဲ ခင်ဗျားတို့ ရဲ့အပေါင်းပါခရိုနီ တွေဝယ် ကြီးပွားသွားတာပဲလေ၊ မြန်မာပြည်မှ လူတိုင်းသိပါတယ်၊ စနစ် မကောင်းလို့ ပြည်သူလူထု ဒဏ်ခံနေရတာပါ၊ ချေးထားတဲ့ငွေတွေ ပြည်သူလူထု မခံစားခဲ့ရဘူး၊ အုပ်ချုပ်သူ အာဏာရှင်တွေကပဲ ခွဲဝေသုံးစွဲ ခဲ့ တာပဲ၊ ဘယ်တုန်းကမှ ပွင့်လင်းမြင်သာမှုမရှိခဲ့ဘူး ၊ အခုလည်းချေးခွင့် ရအုံးမယ် ၊ ပွင့်လင်းတဲ့ လူ့အဖွဲ့စည်းအသွင်သို့ ပြောင်းလဲတဲ့အချိန်ရောက်ပြီ၊ လွတ်တော်အမတ်တွေ ရဲ့ပိုင်ဆိုင်မှုတွေဟာ နိုင်ငံအခွန်ဆောင်ရမှာစိုးလို့ မကြောငြာရဲသရွေ့၊ ဒီနိုင်ငံ တိုးတက်တဲ့လမ်းက နှောင့်နေးနေမှာပဲ၊

မင်းအောင် နော်ဝေး


ကျနော်ကြားဘူးတာက ကြွေးတင်လျှင် ဝက်မွေးပဲကြားဘူးတယ်။ ဥပုသ်စောင့်ပြီး ထမင်းတနပ်လျှော့စားခိုင်းတာမကြားမိဘူးပါ။ပြီးစလွယ် အခုလိုပြောဆိုခြင်းကို စာရေးသူအနေဖြင့် ပြင်ပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။အစိုးရအသစ်အနေနဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်သမားတွေအပေါ် တကယ်စိတ်ရင်းကောင်းစေတနာထားပြီး ဆင်းရဲတွင်းမှ အထိုက်အလျှောက် လွတ်လိုလျှင် လက်ရှိ လယ်သမားတွေတင်နေတဲ့ ကြွေးတွေကို ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်ပေးသင့်ပါသည်။ ဥပမာ။ ။ အတိုးများဖြင့် ချေးငှါးထားသည့် အကြွေးတွေကို အရင်းသာ ပြန်ဆပ်ခိုင်းပြီး၊ အတိုးငွေများကိုလျှော်ပစ်ပေးရန်လိုပါသည်။ ပြီးမှ၊ ၎င်းတို့ရဲ့ဝင်ငွေအပေါ် မူတည်ပြီး တလ လျှင်ဘယ်လောက် ပြန်ဆပ်ပေးရမည်ဟု ငွေချေးငှါးထားတဲ့ တောင်သူလယ်သမားများနှင့် တိုင်ပင်ဆွေးနွေးညှိနှိုင်း လုပ်ဆောင်သင့်ပါသည်။

ကိုဗလိုင်

ဖေ့စ်ဘုတ်ပေါ်က မှတ်ချက်တချို့

တပေါစ ဧတံမင်္ဂလမုတ္တမံ ချိုးခြံချွေတာခြင်းသည် မြတ်သောမင်္ဂလာဖြစ်သည်။ မင်္ဂလာ တရားတော်နှင့်အညီ တော်တော်ပြောဆိုတဲ့ ၀န်ကြီပဲ။ အကောင်းမြင်၀ါဒနဲ့ တွေးကြည့်ရင်တော့ ချိုးခြံခြွေတာစေချင်တာဖြစ်ပါလိမ့်မယ်။ ဒီစကားကြောင့်တော့ မလိုလားအပ်တဲ့ သုံးစွဲမှုတွေ လျှော့ချင်စိတ်ပေါ်လာပါတယ်။ ဇိမ်ခံပစ္စည်းတွေ၊ ဇိမ်ခံ၀န်ဆောင်မှုတွေ များလွန်းတဲ့ခေတ်မှာ ချွေတာတာဟာ အကြ

ဏ်ကောင်းတစ်ခုပါ။

Ninelett Linnzaw

လယ်သမားတွေသာ၊ ထမင်းလျော့စားရင်၊ ဆန်စပါးတွေကို ထုတ်လုပ်ဖို့ ခွန်အားတွေ ဘယ်ကလာမှာလဲ။

Sau Gerald

အမေရိကန်ဒေါ်လာ (၆.၁၉၂)ဘီလျံခန့် လျှော်ပစ်ခဲ့တယ်။ တောင်သူဦးကြီးတွေရဲ့ အရေးဟာ နိုင်ငံလုံးအရေးပေမို့ ဒီလိုနည်းတွေနဲ့ အကောင်းဆုံး ဖြေရှင်းသင့်ပါတယ်။ ထမင်း တနပ်လျှော့စားပြီး ကြွေးကျေအောင်ဆပ်ဖို့ အကြံပြု တိုက်တွန်းခဲ့တာတော့ လက်တွေ့မကျတဲ့ ဖြေရှင်းနည်းပါ။

Saw Tu

ကြွေးတင်ရင် ဘုရင်ဆပ်ပေါ့။ ၆ ဘီလျံ တောင် သူများကလျှော်ပေးသေးတာဘဲ။ တောင်သူကြွေးက ဘယ်လောက်များလို့လဲ။

Aung Myo

၁။အစိုးရက၁ဧကစိုက်စရိတ်ကိုထိရောက်စွာပံ့ပိုးသင့်တယ်
၂။တောင်သူများကရလာတဲ့ငွေကိုစိုက်စရိတ်မှာ တိကျစွာသုံးရမယ်
၃။ထွက်လာတဲ့ဆန်စပါးကိုအစိုးရက သင့်တင့်မျှတသော ဈေးနှုန်း တခု ချမှတ်ပေးနိုင်ရမယ်
၄။ရရှိလာသောအကျိုးအမြတ်များကိုတောင်သူများကဘဏ်မှာ ၅% (သို့) ၁၀% နှစ်စဉ် မပျက်မကွက်အပ်နှံသင့်တယ်
၅။တောင်သူများက ခေတ်နောက်လိုက်တဲ့နေရာမှာ နည်းပညာနဲ့ ပညာရေးကို ဦးစားပေးလိုက်သင့်တယ်

Hlaing Min

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။