BBC navigation

ပေါ့ဒ်ကတ်စ် နည်းပညာ အကူအညီ

podcast

သွားရင်းလာရင်း နားထောင်နိုင်လို့ ပေါ့ဒ်ကတ်စ်ကို လူကြိုက်များ။

ပေါ့ဒ်ကတ်စ်နဲ့ ပတ်သက်တဲ့ နည်းပညာ အကူအညီ

Podcast ဆိုတာဘာလဲ -

ပေါ့ဒ်ကတ်စ်ဆိုတာ အသံထုတ်လွှင့်ချက်တွေကို ပုံမှန်အားဖြင့် MP3 ဖိုင် အဖြစ်ပြောင်းလဲထားတာဖြစ်ပြီး၊ အဲဒီဖိုင်တွေကို download ရယူကာ မိမိရဲ့ကွန်ပြူတာထဲမှာဖြစ်စေ၊ တခြား MP3 Player ထဲမှာဖြစ်စေထည့်ထားပြီး ကိုယ်ကြိုက်တဲ့အချိန် ပြန်နားထောင်နိုင်အောင် စီမံထားတာဖြစ်ပါတယ်။

Podcasting ဆိုတာကတော့ -

Podcast အဖြစ်ပြောင်းလဲထားတဲ့၊ သောတရှင်တို့အလိုရှိတဲ့ နောက်ဆုံး အသံထုတ်လွှင့်ချက်တွေကို အွန်လိုင်းကနေ အလိုအလျောက် ပို့ပေးတဲ့စနစ်ဖြစ်ပါတယ်။ ဥပမာပြောရရင် - အပတ်စဉ်ထုတ် ဂျာနယ်တစောင်ကို မှာယူထားသလိုမျိုး အိမ်ကိုအပတ်စဉ် လာရောက်ပို့ပေးတဲ့ ပုံစံဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်းရဲ့ ရေဒီယိုစီအစဉ်တွေ podcast တွေကို အသစ်ထွက်တိုင်း (subscribe) ပို့ပေးဖို့ မှာယူနိုင်ပါတယ်။ မှာယူထားချက်တွေကို ဘယ်အချိန်မဆို ရပ်စဲလို့လည်း ရပါတယ်။ podcast တွေကို ပုံမှန်မှာယူတာမျိုးမလုပ်ဘဲ မိမိလိုချင်တဲ့အစီအစဉ်ကိုသာ download လုပ်ပြီးလည်း ရယူနိုင်ပါတယ်။ ဘီဘီစီက podcast အားလုံးဟာ အခမဲ့ဖြစ်ပါတယ်။

Podcast မှာယူရန် -

Podcast မှာယူဖို့ဆိုရင် အင်တာနက်လိုအပ်ပြီး၊ podcast တွေကိုရယူသိမ်းဆည်းနိုင်မယ့် podcast software တခုခုကို မိမိကွန်ပြူတာထဲမှာ ထည့်သွင်းထားဖို့လိုအပ်ပါတယ်။ podcast software တွေကို များသောအားဖြင့် အခမဲ့ရယူနိုင်ပါတယ်။ အဲဒီ software ကိုထည့်သွင်းပြီးပါက ဘီဘီစီမြန်မာပိုင်း အစီအစဉ်ရဲ့ မိမိကြိုက်နှစ်သက်ရာ အစီအစဉ်ရဲ့ podcast လိပ်စာ URL ကို စာရင်းထည့်ပေးလိုက်ရင် အစီအစဉ်အသစ်ထွက်တိုင်း အလိုအလျောက် download လုပ်ပေးပါလိမ့်မယ်။

အဲဒီလိုမိမိကွန်ပြူတာထဲ ရောက်လာတဲ့ အစီအစဉ် podcast တွေကို ကွန်ပြူတာထဲမှာတင်မက၊ MP3 Player လို အသံဖွင့်စက်တွေထဲမှာ ကူးယူပြီး ဘယ်အချိန်မဆို ပြန်နားထောင်နိုင်ပါတယ်။

MP3 ဆိုတာဘာလဲ -

အသံ audio ဖိုင်တွေကို အရွယ်အစားသေးငယ်အောင်လုပ်ထားတဲ့ ဒစ်ဂျစ်တယ် အသံဖိုင်တခု ဖြစ်ပါတယ်။ ဖိုင်အရွယ်အစားသေးပေမယ့်လည်း အသံအရည်အသွေးရှိတဲ့ အနေအထားပါ။ အသံဖိုင်တွေကို အခုလို MP3 အဆင့်ပြောင်းလဲလိုက်တဲ့အတွက် အင်တာနက်ကနေ download လုပ်ရာမှာအရမ်းကို အဆင်ပြေစေပါတယ်။

Podcast တွေရယူနိုင်ဖို့ ဘယ်လိုအင်တာနက်လိုင်းလိုအပ်ပါသလဲ -

Broadband အင်တာနက်အမြန်လိုင်း ရှိရင်အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ dial-up လို လိုင်းအနှေးနဲ့လည်း download လုပ်နိုင်ပါတယ်။ ဒါပေမယ့် download လုပ်တဲ့အချိန်တော့ ပိုကြာပါလိမ့်မယ်။

Podcast တွေကို မှာယူနားထောင်နိုင်ဖို့အတွက် iPod ဒါမှမဟုတ် MP3 Player တို့လို အသံဖွင့်စက်လေးတွေ ရှိဖို့မလိုအပ်ပါ။ အင်တာနက်ချိတ်ထားတဲ့ ဘယ်ကွန်ပြူတာနဲ့မဆို MP3 ဖိုင်တွေကို download လုပ်ပြီး ကွန်ပြူတာထဲမှာတင် နားထောင်လို့ ရပါတယ်။ media player လို software တခု ကွန်ပြူတာထဲမှာ သွင်းထားဖို့လိုအပ်ပြီး၊ speakers ဒါမှမဟုတ် headphones ရှိဖို့လည်းလိုပါတယ်။

အသံဖိုင်တွေကို MP3 Player လိုအသံဖွင့်စက်ကလေးထဲ ထည့်ထားရင်တော့ သွားရင်းလာရင်း နားထောင်နိုင်မှာဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်းအစီအစဉ်ရဲ့ podcast တွေမှာယူဖို့အတွက် software တခု မိမိကွန်ပြူတာထဲမှာ ထည့်သွင်းထားဖို့လိုအပ်ပါတယ်။ အဲဒီ software တွေကို ပုံမှန်အားဖြင့် အခမဲ့ရရှိနိုင်ပါတယ်။ ဘီဘီစီသောတရှင်တွေ အသုံးများတဲ့ နာမည်ကြီး software တွေကတော့ iTunes၊ Juice နဲ့ Doppler တို့ဖြစ်ကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။