နောက်ဆုံး ရေးသားချိန် 13 ဧပြီလ 2010 - 17:23 GMT

ချစ်စရာ ရခိုင်သင်္ကြန်

မြန်မာနိုင်ငံမှာ သင်္ကြန်ပွဲတော်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျေးလက် မြို့ရွာ မကျန် နှစ်စဉ်နှစ်တိုင်း ကျင်းပကြသလို ဘယ်ဒေသက သင်္ကြန်နဲ့မှ မတူ တမူထူးခြားတာက ရခိုင်ရိုးရာ သင်္ကြန် ဖြစ်ပါတယ်။

ရခိုင်ရိုးရာ ရေသဘင်

ပျော်ရွှင်ဆင်နွှဲ ရခိုင်ရိုးရာ ရေကစားပွဲ

သင်္ကြန် ရာသီ အတာကူးလကို ရောက်လာတယ် ဆိုရင် ရခိုင်ပြည်နယ် အနှံ့မှာ သင်္ကြန် သံချပ်သံတွေ ညံစီ လာပါတော့တယ်။

ရခိုင်သံချပ်တွေက များသောအားဖြင့် ခေတ်ကာလ အတွင်း လူထုနဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး စတဲ့ အကြောင်းအရာ တွေကို သရော်ပြီး ဖွဲ့ဆို ထားတဲ့ သံချပ်တွေ ဖြစ်ပါတယ်။

အဲဒီ သံချပ်တွေဟာ ရခိုင်သင်္ကြန်ရဲ့ မိုးမရွာမှီ လာတဲ့ မိုးပြေးလေးနဲ့ တူပြီး လူတိုင်း အဲဒီ သံချပ်သံတွေ ကြားရင် သင်္ကြန်ပိုးက ဝင်လာပြီး စိတ်လက်တွေ မြူးကြွ လာတတ်ပါတယ်။

သင်္ကြန် အကြိုနေ့မှာတော့ ရခိုင် အမျိုးသားတွေဟာ ဘုရား ရေသပ္ပါယ်လေ့ ရှိပါတယ်။

ဘုရားရေ မသပ္ပါယ်ခင် တရက် အလိုမှာတော့ သင်္ကြန် အကြိုနေ့မှာ ရေသပ္ပါယ်ဖို့ နံ့သာသွေးပွဲကို ပြုလုပ်လေ့ ရှိပါတယ်။

နံ့သာသွေးပွဲကို ရပ်ရွာတိုင်းမှာ ကျင်းပ ပြုလုပ်ကြ သလို မြို့တွေမှာ ဆိုရင်လည်း ရပ်ကွက် အလိုက် ကျင်းပကြပါတယ်။

Rakhine Thingyan

လူပျို အပျိုတိုင်း နံ့သာသွေးပွဲမှာ ပါဝင်ဆင်နွှဲကြ

ညနေပိုင်းမှာ ရွာထဲ ရပ်ထဲက လူပျိုခေါင်း အိမ်မှာ ဖြစ်ဖြစ် အပျို ခေါင်းဆောင်ရဲ့ အိမ်မှာဘဲ ဖြစ်ဖြစ် ဒါမှမဟုတ်ရင် ရပ်ရွာထဲက သြဇာတိက္ကမ ကြီးတဲ့ ရပ်ရွာလူကြီး အိမ်တွေမှာ နံ့သာသွေးပွဲကို ကျင်းပကြပါတယ်။

နံ့သာသွေးပွဲကို အိမ်တိုင်း အိမ်တိုင်း လူပျို အပျိုတွေ ပါဝင် ဆင်နွှဲရပြီး ကျောက်ပျဉ် ပေါ်မှာ နံ့သာတုံးတွေကို ဘုရား ရေသပ္ပါယ်ဖို့ သွေးကြတာ ဖြစ်ပါတယ်။

နံ့သာသွေး နေချိန်မှာ အကို ကာလသား တွေကလည်း အိုးစည် ဒိုးပတ်ဝိုင်းတွေနဲ့ တီးမှုတ် ကခုန်ပြီး နံ့သာသွေးပွဲကို လာရောက်တဲ့ သူတွေကို ဖြေဖျော် ကြရပါတယ်။

နောက်တနေ့ သင်္ကြန် အကြိုနေ့ကို ရောက်တဲ့ အခါမှာတော့ ဘုရားရေ သပ္ပါယ် ကြပါတယ်။

ဘုရား ရေသပ္ပါယ်တဲ့ အခါ စည်းကမ်းတွေ ရှိပြီး ရပ်ရွာထဲ မှာရှိတဲ့ လူပျို အပျို တွေကတော့ ဘုရားရေ သပ္ပါယ် တာကို မသွားလို့ မရပါဘဲ မသွားရင် ဒဏ်ရိုက်ခံ ရသလို လူပျို အပျိုတွေ ကြားထဲကလည်း ဖယ်ကြဉ် ခံရတက်ပါတယ်။

အမျိုးသမီးကြီးတွေ အမျိုးသားကြီးတွေက စေတနာပေါက် ဘုရားရေသပ္ပါယ်တာကို ပါဝင်ဆင်နွှဲ နိုင်ပါတယ်။

ဘုရားရေသပ္ပါယ်ဖို့ သက်ဆိုင်ရာ ဘုန်းတော်ကြီး ကျောင်းတွေကို သွားတဲ့ အခါမှာလည်း အဝတ်အစားကောင်း တွေကို ဝတ်ဆင်ပြီး စီတန်း လမ်းလျှောက်ကြကာ အိုးစည်ဗုံမောင်းတွေ တီးကာ သွားကြရပါတယ်။

ဘုန်းတော်ကြီးကျောင်းကို ရောက်ရင် ကျောင်းပေါ်က ဘုရား ဆင်းတုတော် တွေကို ကျောင်းအောက်ကို ချယူပြီး အမွှေးနံ့သာ ရေလောင်းပက် ကစားကို မပြုလုပ်ရဘဲ ဘုရား ရေသပ္ပါယ် ပြီးရင် ကျောင်းထိုင် ဆရာတော် ဆီမှာ ငါးပါးသီလ ခံယူကြပြီး အိမ်ကို ပြန်လာကြကာ နောက်တနေ့ သင်္ကြန် အကျနေ့က စတင်ပြီး ရေပက်ကစား ကြရပါတယ်။

ရပ်ကွက်အလိုက် မဏ္ဍပ်တွေ ဆောက်ပြီး လှေတွေမှာ ရေဖြည့်ကာ အမျိုးသမီးက တဖက် အမျိုးသားက တဖက် ကစား ကြရပါတယ်။

အမျိုးသမီး တွေက တူညီ သင်္ကြန် အဝတ်အစား တွေကို ဝတ်ဆင်ပြီး မဏ္ဍပ် အတွင်းကနေ ကစားရပြီး အမျိုးသား တွေကတော့ မဏ္ဍပ်ရှေ့က သွားရောက်ကာ အဖွဲ့လိုက် ရေပက်ကစား ကြပါတယ်။

ရေပက်ချိန်မှာ အမျိုးသားတွေ ကတော့ ကိုယ်နှစ်သက်တဲ့ ကောင်မလေးကို ရွေးချယ်ပြီး ရေပက် ကစား ကြတတ်ပြီး ချစ်ရေးလည်း ဆိုတတ် ကြပေမယ့် ဒါကို မိဘ မောင်ဖွားတွေ အနေနဲ့ သင်္ကြန် ကာလမှာ အခုလို ချစ်ရေး ဆိုတာကိုဝင်ရောက် တားဆီးပိုင်ခွင့် မရှိပါဘူး။

အမျိုးသားတွေက အဖွဲ့လိုက် ရေပက် ကစားဖို့ လာရောက်တဲ့ အခါ ရှေ့က အဖွဲ့က မပြီးသေးတဲ့ အတွက် စောင့်နေရတဲ့ အဖွဲ့တွေက သံချပ်တွေ ထိုးပြီး ကခုန် နေကြတာကြောင့် ရေပက် ကစားတဲ့ မဏ္ဍပ် အနီးတဝိုက်မှာ သံချပ်သံ သီချင်းသံ တွေနဲ့ ဆူညံနေတော့တာ ပါဘဲ။

သင်္ကြန်အကျနေ့၊ အကြတ်နေ့နဲ့ အတက်နေ့ထိ ရေပက် ကစားကြပြီး အဆုံးနေ့မှာတော့ မေတ္တာရေ လောင်းခွင့်ပြုတဲ့နေ့ ဖြစ်ပါတယ်။

မေတ္တာရေ ဆိုတာကတော့ ကိုယ်ကြိုက်တဲ့ မိန်းကလေးကို မဏ္ဍပ်ရှေ့ကို ခေါ်ယူပြီး ကိုယ်တယောက်တည်း သီးသန့် ခွက်ကလေးနဲ့ ရေလောင်းခွင့် ရရှိပါတယ်။

မေတ္တာရေ ဆိုတဲ့ အတိုင်း မေတ္တာ စကားတွေကို သီကုံးပြီး ချစ်ရေးဆိုနိုင်ပြီး သင်္ကြန် အတွက် အမှတ်တရ လက်ဆောင် တွေကိုလည်း အပြန်အလှန် ဖလှယ် တတ်ကြပါတယ်။

သင်္ကြန်သုံးရက် အတွင်းမှာတော့ မုန့်ပဲ သရေစာတွေကို အိမ်တိုင်း အိမ်တိုင်း ပြုလုပ်ကြပြီး ဘုန်းတော်ကြီး ကျောင်းတွေကို သွားရောက် လှူဒါန်းတဲ့ အပြင် ဆွေမျိုးတွေနဲ့ ရင်းနှီး ခင်မင်သူတွေကို ဖိတ်ခေါ် ကျွေးမွေး ကြပါတယ်။

လူကြီး မိဘတွေကတော့ သင်္ကြန် သုံးရက်လုံး ဘုရားကျောင်းကန်ကို သွားပြီး ဥပုသ် သီလ ဆောက်တည် ကြပါတယ် ။

နှစ်ဆန်း တရက်နေ့မှာတော့ ရေကစားတာကို ရပ်ပြီး ကုသိုလ်ကောင်းမှုကို လုပ်ဆောင်ကြပါတယ် ။

သက်ကြီးရွယ်ကြီး တွေကို ပူဇော်တာတို့ ဘေးမဲ့ ငါးလွှတ်တာတို့ ပြုလုပ်ကြပြီး ညနေပိုင်းမှာတော့ ဘုရားကျောင်းကန် တွေကို သွားပြီး ဆီမီး ပူဇော် ကြပါတယ် ။

သင်္ကြန်သုံးရက် အတွင်း ပျော်ရွှင်စရာ ကောင်းပုံတွေကို ရေးပြရရင်တော့ ဆုံးနိုင်တော့မယ် မထင်ပါဘူး။

ရခိုင်သင်္ကြန်ရဲ့ ပျော်စရာ ကောင်းပုံလေး တွေကို ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကလည်း အမှတ်တရ မြန်မာပြည်က ပေးစာများ စာအုပ်မှာ ရေးသားခဲ့ ဖူးပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။