BBC navigation

တရုတ်နယ်စပ်က သစ်ပန်းပုနဲ့ ပရိဘောဂစျေးကွက်

နောက်ဆုံး ရေးသားချိန် 21 နိုဝင်ဘာလ 2012 - 02:25 GMT
Sculptures

မြန်မာနိုင်ငံကနေ နိုင်ငံတကာကို သစ်အလုံးလိုက် တင်ပို့ရောင်းချနေခြင်းကို မကြာမီကာလတွေ အတွင်း ရပ်ဆိုင်းပစ်တော့မယ် ဆိုတဲ့ အသံတွေထွက် နေပေမယ့် အခုချိန်အထိတော့ သစ်တွေဟာ သစ်လုံး အတိုင်း၊ ဒါမှမဟုတ် သစ်ကုန်ကြမ်း အတိုင်းပဲ သွားနေတာ အများအပြားပါပဲ။

အထူးသဖြင့် တရုတ် မြန်မာနယ်စပ်ကနေ သွားနေတဲ့ သစ်လုံးတင်ယာဉ်တွေဟာ တရားမ၀င်သွားနေတဲ့ သစ်တွေသာ ဖြစ်တယ်လို့ သစ်လုပ်ငန်းသမားတွေ ကိုယ်တိုင်က ပြောကြသလို၊ နိုင်ငံတကာ သစ်တော ထိန်းသိမ်း စောင့်ကြည့်ရေး သမားတွေကလဲ ဆိုကြပါတယ်။

တရုတ်မြန်မာနယ်စပ်၊ ရွှေလီ–ကျယ်ကောင်ဖက်က ‘သစ်သားပန်းပုနဲ့ သစ်ပရိဘောဂ လုပ်ငန်းစျေးကွက်ကြီး’ထဲမှာလည်း မြန်မာ့သစ်တွေကိုပဲ ထုလုပ်ရောင်းချကြပါတယ်။

ဒီစျေးကွက်ထဲမှာ ‘သစ်သားပန်းပု’ နဲ့ ‘သစ်သားပရိဘောဂ’ဆိုပြီး အကြမ်းဖျင်းအားဖြင့် လိုင်း(၂) မျိုး တွေ့ရပါမယ်။

‘သစ်သားပန်းပု’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာမှ ထပ်မံ ခွဲခြား ကြည့်လိုက်မယ်ဆိုရင် (၁)သစ်ပင်လုံးလိုက် ဧရာမပန်းပုကြီးတွေ (၂) သစ်မြစ်ဆုံပန်းပုတွေ (၃) အင်ကြင်းကျောက်တင် အထိုင်ခုံ ပန်းပုတွေနဲ့ (၄) သာမန် ရိုးရိုး ပန်းပုတွေ ဆိုပြီး(၄)မျိုးရှိပြီး၊ ပရိဘောဂလိုင်းကတော့ ယေဘူယျအားဖြင့် အိမ်ထောင် ပရိဘောဂဖြစ်တဲ့ ကုတင်၊ စားပွဲ ၊ကုလားထိုင်၊ ဘုရားစင်၊ ဘီဒို၊ မှန်တင်ခုံ စတဲ့ ပရိဘောဂတွေကို အမျိုးမျိုး ပြုလုပ်တာပါပဲ။

ဒီလုပ်ငန်းတွေက ထွက်လာတဲ့ ပစ္စည်းတွေဟာ နယ်စပ်တင် သုံးဖို့မဟုတ်ပဲ၊ တရုတ်နိုင်ငံ နေရာအနှံ့တွေသာမက၊ တချို့ဆိုရင် ဟောင်ကောင်၊ မကာအိုတွေအထိတောင် တင်ပို့ရတဲ့အထိ ကျယ်ပြန့်တယ်လို့ သိရပါတယ်။

ဧရာမပန်းပုများ

သစ်ပင်ကြီး တပင်လုံးကို အပင်လုံးလိုက် ပန်းပုထုတာတွေကတော့၊ များသောအားဖြင့် ပိန္နဲ၊ တောင်ပိန္နဲ နဲ့သစ်အယ်ပင်ကြီးတွေလို့ သိရပါတယ်။

ဧရာမခြင်သေ့ကြီးတွေ၊ ကျားကြီးတွေအဖြစ် ထုလုပ်ကြလေ့ရှိပါတယ်။ ဒီလိုသစ်ပင်လုံးလိုက် ဧရာမပန်းပုကြီးတွေကိုတော့ ဒီဇိုင်းရုပ်ပုံကို တရုတ်လုပ်ငန်းရှင်က ချပေးပြီး၊ မြန်မာအလုပ်သမားတွေက အကြမ်းကနေ အချောအထိ အဆင့် အသီးသီးက နေ ပါ၀င်လုပ်ကိုင် ထုလုပ်ကြရကြောင်း သိရပါတယ်။

သစ်မြစ်ဆုံ ပန်းပုတွေကတော့ သစ်မြစ်အမျိုးမျိုးအပေါ်ကနေ သစ်မြစ်ရဲ့ပုံပန်းအခြေအနေကိုလိုက်ပြီး ထုလုပ်ကြလေ့ရှိရာမှာ သဘာ၀စားပွဲနဲ့ ထိုင်ခုံ၊ မှန်တင်ခုံတွေလဲထုလုပ်ကြသလို၊ အန်းကုန်းရုပ်၊ တရုတ်ဘိုးတော် ရုပ်တွေအပြင် အမျိုးမျိုးသော နဂါးပုံ၊ ကြိုးကြာပုံတွေလဲ ထုလုပ်ကြလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ သစ်ပင်ကြီးမျိုးပေါင်း(၅၀၀)ကျော်ခန့်ရှိရာမှာ ရရာ သစ်မြစ် အမျိုးမျိုးကို အသုံးပြုပြီး ထုလုပ်ကြတာပဲ လို့ သစ်မြစ် ပန်းပု ဆရာ တယောက် ကတော့ ဆိုပါတယ်။

တရုတ်နိုင်ငံဖက်မှာ အင်ကြင်းကျောက်တွေ ခေတ်စားလာတာနဲ့အမျှ၊ အင်ကြင်း ကျောက်တွေနဲ့ ကျောက်ပန်းပုတွေကို ထည့်ထားနိုင်ဖို့အတွက် အင်ကြင်းကျောက်အထိုင် ထိုင်ခုံတွေ လုပ်ရတဲ့လုပ်ငန်းဟာလဲ တော်တော်ကို တွင်ကျယ် များပြားလာပါတယ်။ ရွှေလီ ကျယ်ကောင် ပတ်ပတ်လည် တဝိုက်မှာတွင်‘အင်ကြင်း ကျောက်အထိုင်ခုံ သစ်သားပန်းပုခုံ’ လုပ်တဲ့ သစ်စက်နဲ့ သစ်လုပ်ငန်းရုံ ပေါင်းဟာ (၃၀)ကျော်ရှိကြောင်း သိရပါတယ်။

အင်ကြင်း အထိုင်ခုံလုပ်ငန်းအတွက် သုံးတဲ့သစ်တွေကတော့ ‘ထောက်ကြံ့’ ‘ယင်းတိုက်’ နဲ့ ‘တယ်နှစ်’ တွေပါပဲ။ ‘ဒီအထိုင်ခုံတွေမှာ (၈၀)ရာခိုင်နှုန်းကတော့ ထောက်ကြံ့သားတွေဖြစ်တယ်’ လို့ သိရပါတယ်။

ပရိဘောဂများ

ပရိဘောဂလုပ်ငန်းတွေမှာတော့ တရုတ်လုပ်ငန်းရှင်ကြီးတွေကိုယ်တိုင် ဂုဏ်ယူပြီးပြောလေ့ရှိတဲ့ ဆိုင်မှာကို အမွှမ်းတင် စာတန်းထိုး နာမည်တပ် ထားလေ့ရှိတဲ့သစ်ကတော့ တရုတ်လို ‘ဟုန်မု’ ဆိုတဲ့ သစ်ပါ။

သူတို့ပြောဆိုပြသတဲ့ ‘ဟုန်မု’ ဆိုတာကလည်း တဦးနဲ့တဦး မတူခြားနား ကွဲပြား နေလေ့ရှိပါတယ်။ များသောအားဖြင့် သစ်စေး (စစ်စေး)သား၊ ပိတောက်နဲ့ ‘တမလန်း’သားတွေကိုပဲ မတူခြားနားစွာ ညွှန်ပြပြီး ‘ဟုန်မု’လို့ပြောနေကြတာလို့ မြန်မာပရိဘောဂ ဆရာတယောက် ကတော့ ဆိုပါတယ်။ ‘သင်းဝင်’သားတွေ လည်း ပါပါတယ်။

အဲဒီပရိဘောဂတွေကို ပန်းနွယ် ပန်းခက် ကနုတ်လက်ရာ ပန်းပုလက်ရာတွေနဲ့ပါ အသေးစိတ်ထွင်းထုလုပ်ကိုင်ထားလေ့ရှိပြီး စျေးကလဲအင်မတန်ကြီးပါတယ်။ နှစ်ယောက်အိပ်ကုတင်တလုံးကို တရုတ်ငွေယွမ် လေးငါးခြောက်သောင်း အထိတောင် ရောင်းတာရှိပါတယ်။ ဒီနယ်စပ်မှာတွင် အဲဒီလို ပရိဘောဂစက် ရုံ အလုပ်ရုံနဲ့ အရောင်းဆိုင်ပေါင်းကလဲ (၅၀)ကျော်လောက် ရှိပါတယ်။

ပန်းပုအမျိုးမျိုး

ရိုးရိုးပန်းပုလိုင်းမှာလဲ ဆင် မြင်း ကျွဲနွား ခွေး မျောက် ကျား၊ ဒေါင်း၊ လူခေါင်း စတဲ့ ရိုးရိုးအရုပ်တွေကိုပဲ ထုလုပ်ကြတဲ့ သမရိုးကျလိုင်းရှိသလို၊ ခေတ်ပေါ်ပန်းပုရုပ်တွေကိုပဲထုလုပ်ကြတဲ့ မော်ဒန်လိုင်းလဲ ရှိပါတယ်။

ဒီပန်းပုလိုင်းတွေမှာတော့ ကျွန်း၊ ကုက္ကို၊ သင်း၀င် ၊ပိတောက်၊ တမလန်း၊ တယ်နှစ်၊ စစ်စေး သစ်မျိုးစုံ သုံးတာတွေ့ရပါတယ်။ အဲလိုပန်းပုရုံတွေကလဲ ဆယ်နဲ့ချီ ရှိပါတယ်။ ပရိဘောဂနဲ့ ပန်းပုရုပ်တွေမှာ တချို့ကတော့ ပုံကြမ်းလောင်းထားတဲ့အတိုင်း မြန်မာဘက်က သယ်လာကြတာလဲ ရှိသလို များသောအားဖြင့် သစ်လုံးအတိုင်းသယ်လာကြပြီး ဒီဖက်ကျမှ အစအဆုံး ထုလုပ်ကြတာက အဓိက ဖြစ်ကြောင်း သိရပါတယ်။

မြန်မာအလုပ်သမား

ဒီနယ်စပ်က သစ်ပန်းပုနဲ့ပရိဘောဂလုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ သာမန်ကော်ပတ်စားကနေ ကျွမ်းကျင်လုပ်သား၊ ဒီဇိုင်းသမား။ ပန်းပုဆရာတွေအပါအ၀င် အလုပ်သမားတွေ အားလုံးနီးပါးဟာ မြန်မာနိုင်ငံသား တွေဖြစ်ကြပြီး၊ လုပ်ငန်းရှင် ပိုင်ရှင်တွေအားလုံးနီးပါးဟာ တရုတ်နိုင်ငံသားတွေချည်း ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံသား လုပ်ငန်းရှင် အနည်းအပါး ရှိတာကလဲ သူတို့ဟာ တရုတ်လူမျိုးတွေ ချည်းပါပဲ။

ကျွမ်းကျင် တရုတ်ပန်းပုဆရာ၊ ဒီဇိုင်းဆရာတွေလဲ အနည်းအပါးရှိပြီး သူတို့ရဲ့လစာတွေကတော့ မြန်မာကျွမ်းကျင်တွေထက် (၂)ဆလောက်အထိ ရကြပါတယ်၊ ဥပမာအားဖြင့် တရုတ်ပန်းပု ဒီဇိုင်း ကျွမ်းကျင် ပညာရှင် တယောက်ရဲ့လစာဟာ နယ်စပ်မှာ ယွမ် ( ၁၂၀၀၀ မှ ၁၈၀၀၀)အထိတောင် ရသူမျိုး ရှိနေပြီး၊ အလားတူ မြန်မာကျွမ်းကျင်ကတော့ အမြင့်ဆုံးရသူဟာတလယွမ် ၆၃၀၀ ပဲ ရှိကြောင်း သိရပါတယ်။

လုပ်ငန်းတွေမှာ ပရိဘောဂလိုင်းက လုပ်ခလစာ အမြင့်ဆုံးရနေကြပြီး အင်ကြင်းအထိုင်က ဒုတိယ၊ သာမန် ပန်းပုက အနိမ့်ဆုံးလို့ သိရပါတယ်၊ ပရိဘောဂသမား အနိမ့်ဆုံးအလုပ်သမားဟာ တလ ယွမ်(၈၀၀) ၀န်းကျင်ရပြီး အင်ကြင်းအထိုင်စက်ရုံက ကော်ပတ်စားသမားဟာ တလယွမ် (၄၀၀) ၀န်းကျင် ရကြကာ၊ ပန်းပုသမားကတော့ ပုတ်ပြတ်ထုကြလေ့ရှိပါတယ်။ ပန်းပု ကော်ပတ်စား သမားလဲ လုပ်ခနိမ့်ပါတယ်။

အင်ကြင်းအထိုင်စက်ရုံက အလုပ်သမားခေါင်း တဦးကတော့ “စက်ကိုင်သစ်ခွဲခုံဆင်သမားက တလ ယွမ်( ၃၀၀၀) အထိရသလို၊ ပုံထုပုတ်ပြတ်သမားကလဲ တနေ့ကို ယွမ်(၂၀၀)အထိ ရသူတွေ ရှိပါတယ်၊ ဆေးစပ် ဆေးသုတ်သမားကလဲ အလုပ်ကောင်းရင် တနေ့ယွမ် (၂၀၀) အထိ ရကြသူတွေ ရှိပါတယ်”လို့ ရှင်းပြပါတယ်။

သစ်တွေ ဝင်ရာလမ်း

တရုတ်နိုင်ငံမှာ သစ်တောနဲ့ သစ်ပင်တွေကို အစိုးရ ကိုယ်တိုင်က ဂရုတစိုက် ထိန်းသိမ်း စောင့်ရှောက်ထားပြီး နယ်စပ်တွေမှာ လက်မောင်းလောက် အရွယ် သစ်တပင်ကိုတောင် လက်လွတ်စပယ် ခုတ်လှဲခွင့်မရှိ၊ တင်းတင်း ကျပ်ကျပ် အရေးယူ တားမြစ်ထားပေမဲ့ မြန်မာနိုင်ငံက သစ်တွေကတော့ တရုတ်မြန်မာ နယ်စပ်တွေက တဆင့် တရုတ်နိုင်ငံအတွင်းကို နေရာပေါင်းစုံ အပေါက် ပေါင်းစုံကနေ နေ့စဉ် လိုလို ၀င်ရောက် နေပါတယ်။

ဒီပန်းပုနဲ့ ပရိဘောဂစျေးကွက်တွင်း နေ့စဉ်သုံးနေတဲ့ သစ်တွေဟာ တနေ့တနေ့ တန်ချိန် ဆယ်နဲ့ချီပြီး ရှိပါတယ်။

အင်ကြင်းအထိုင်ခုံ စက်ရုံအလုပ်ရုံ မန်နေဂျာ တဦး ရှင်းပြတာကတော့ “ အများစုက သိန္နီ သီပေါဖက်ကနေ တရုတ်ဖက်ခြမ်း ‘နုံတောင်း’လမ်းက လှည့်၀င်ပြီး ရွှေလီ-ကျယ်ကောင်အထိ ရောက်လာတာပဲ၊ ရှမ်းပြည်ထဲက သစ်တွေသာ မကဘူး ကချင်ပြည်နယ်ထဲက သစ်တွေလဲ ဒီ ‘နုံတောင်း’ဖက်က လှည့်၀င်တာအများ ဆုံးပဲ၊ တချို့တလေတော့ ဗန်းမော်ဖက်ကနေ လွယ်ဂျယ်–ကျန်းဖုန်းဖက်ကနေ လှည့်၀င်တာလဲ ရှိတာပေါ့” လို့ ရှင်းပြပါတယ်။

မနှစ်ကနဲ့နှိုင်းယှဉ်ရင် ဒီနှစ် လုပ်ငန်း အခြေအနေက အနည်းငယ် အေးတယ် လို့သိရပေမဲ့ ဒီနယ်စပ်က စက်ရုံအလုပ်ရုံလေးတွေ ကတော့ သူ့နည်းသူ့ဟန်နဲ့ အဆက်မပြတ် ဆက်လက် လည်ပတ်နေတုန်း၊ ကျယ်ကျယ် ပြန့်ပြန့်နဲ့ တွင်ကျယ်နေတုန်းပါပဲ။ မြန်မာနိုင်ငံကသစ်တွေကလဲ နည်းမျိုးစုံနဲ့ အတုံးလိုက် အပင်လိုက် အမြစ်လိုက်လာနေတုန်းပါပဲ။

တရုတ်မြန်မာ နယ်စပ်က ဘီဘီစီ သတင်းထောက် ဦးမျိုးသစ် ပေးပို့တဲ့ သတင်းဆောင်းပါး ဖြစ်ပါတယ်။


ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။