BBC navigation

မြန်မာဘက်ကနေ တရုတ်ပြည် ဆန်တင်ပို့မှု များ

နောက်ဆုံး ရေးသားချိန် 5 စက်တင်ဘာလ 2012 - 19:10 GMT
Border Biz

နယ်စပ်ဂိတ်အနီးက ကုန်တင်ကားကြီးများ

မူဆယ် (၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေးဇုံ လမ်းကြောင်း ကြီးပေါ်က ဝင်လာနေတဲ့ မြန်မာ့ ပို့ကုန် တွေထဲမှာ ပမာဏ အများဆုံး ကတော့ ဆန် တွေပါပဲ။

ခုတလော နေ့ စဉ် ပျမ်းမျှ ဆန်ကားစီးရေ (၁ဝဝ) ကျော်လောက် ဝင်နေရာမှာ ‘၇၄၇’ နဲ့ ငစိန်တွေက အများဆုံး ဖြစ်ပြီး မှော်ဘီ နဲ့ ချင်းတုန်း တွေလဲ အနည်းအပါး စီ ပါပါတယ်။

ဆန်စျေးတွေကလဲ မဆိုးလှဘူး ပြောရပါမယ်။ ၇၄၇ က တအိတ်ကို (၁၄ဝ-၁၄၁)ယွမ်၊ ငစိန်က (၁၄၅-၁၄၆)ယွမ်၊ မှော်ဘီက ယွမ်(၁၅ဝ မှ ၁၅၃)ယွမ်စျေး ရှိပြီး ‘ချင်းတုန်း’ကတော့ (၁၆၃ ယွမ်မှ ၁၆၅) ယွမ် အထိတောင် ရကြ ပါတယ်။

တလျှောက်လုံး စျေးကောင်းရနေခဲ့တဲ့ ‘ပြောင်း’တွေကတော့ ခုတလော ဝယ်လက် ဆွဲအားနည်း နေတာကြောင့် ဒီရက်ပိုင်း အတွင်းမှာ စျေးကျ နေပါတယ်။

လက်ရှိ ပြောင်းစျေးက တအိတ် (၁၃၄) ယွမ်ပဲ ရှိပေမယ့် ပြောင်းကားတွေကတော့ နေ့စဉ် ပျမ်းမျှ ကားစီးရေ (၃ဝ) အထက် လာပါတယ်။

ရေထွက်ကုန် ဂဏန်း၊ ငါးရှဉ့် နဲ့ ရေခဲရိုက်ငါးတွေ ပုံမှန်မပျက် လာသလို တခြား မြန်မာ့ ပို့ကုန်တွေလဲ တော်တော်လေး အမယ်စုံစုံ လာနေရာမှာ မနေ့ကဆိုရင် ဆံပင်တွေက (၁ဝ) တန်လောက် အထိတောင် ဝင်လာပြီး မန်ကျီးသီး မှည့်က (၁ဝ)တန်ကျော်၊ ကြက်ဆူစေ့က (၁၅)တန်၊ ဆီးဆံက (၁၃)တန် အပြင် ဆီးသီးခြောက်၊ ငရုတ်သီးခြောက်၊ ပလတ်စတစ် ဖြတ်စနဲ့ ဘီယာဘူးခွံ တွေလဲ ပို့ကုန်အဖြစ် ဝင်ပါတယ်။

မြန်မာနိုင်ငံဘက် သွားနေတဲ့ သွင်းကုန်(တရုတ်ကုန်စည်)တွေဖက်ကို ကြည့်မယ် ဆိုရင် ခုတလော အများဆုံး သွားနေတာက တရုတ် ဓာတ်မြေသြဇာ မျိုးစုံဖြစ်ပြီး ပုလဲဓါတ်မြေသြဇာ တွေက တော့ အများဆုံးပါပဲ။

ခုတလောမှာ လက်တွန်း လယ်ထွန်စက် ငယ်တွေ ကားစီးလုံးတိုက် သွားနေရတာ ထူးထူး ခြားခြား တွေ့ ရပြီး သံချောင်း သံပိုက်လုံး မှန်ချပ်ကြီး စတဲ့ ဆောက်လုပ် ရေး သုံးပစ္စည်းတွေ အပြင် စက်ပစ္စည်းမျိုးစုံ၊ အဝတ်အထည် မျိုးစုံ၊ လူသုံးအိမ်သုံး ပစ္စည်း မျိုးစုံနဲ့ ပန်းသီး၊ သစ်တော်သီး၊ သလဲသီး စတဲ့ တရုတ်သစ်သီး ဝလံ မျိုးစုံ တွေလဲ သွားနေတာ တွေ့ရပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ ဗုဒ္ဓဟူးနေ့ နယ်စပ်ငွေလဲနှုန်းကတော့ (၇၄၂)ပါ။ မြန်မာငွေ ကျပ် (၁ဝဝဝ)ဟာ တရုတ်ငွေ (၇)ယွမ်နဲ (၄၂)ပြားဖြစ်ပါတယ်။


တရုတ်မြန်မာနယ်စပ်ကနေ ဘီဘီစီသတင်းထောက် ဦးမျိုးသစ် ပေးပို့တဲ့ စီပွားရေး သတင်း ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။