BBC navigation

စိုက်ပျိုးရေးနဲ့ ရေထွက်ကုန်တွေ တရုတ်ဘက် ဆက်တင်ပို့

နောက်ဆုံး ရေးသားချိန် 15 သြဂုတ်လ 2012 - 14:19 GMT
china burma borderbiz, Border Trade

တရုတ်စက်ပစ္စည်းတွေ တင်ထားတဲ့ မြန်မာကုန်ကားကြီး

မူဆယ် (၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေးဇုံ လမ်းကြောင်းကြီးကနေ ဝင်လာနေတဲ့ မြန်မာ့ ပို့ကုန် တွေထဲမှာ အခုတလော စံချိန် ချိုးလောက်အောင် ဝင်နေတာတွေ ကတော့ ‘ဆန်’ တွေပါပဲ။ နေ့စဉ် ဆန်ကားစီးရေ (၁ဝဝ) ကျော်ဝင်နေပြီး တနင်္လာနေ့ ကဆိုရင် ဆန်ကားစီးရေ (၂ဝဝ) ကျော်တဲ့ အထိတောင် ဝင်ပါတယ်။

ဆန်စျေးက တက်မလာပဲနဲ့ကို အဝင်များနေတာက ဆန်ကြမ်းတွေကို အမြောက်အများပို့ နိုင်တဲ့နေရာက တရုတ်ဘက်ခြမ်းပဲ ရှိနေတဲ့အတွက် ဒီဘက်ကိုပဲ စုပြုံ ဦးတည်ပို့ နေကြတာ ကြောင့်လို့ သိရပါတယ်။ လက်ရှိပေါက်စျေးက (၇၄၇) ဆန် တအိတ်ကို (၁၃၂)ယွမ် ၊ ငစိန်တအိတ် ၁၃၆ ယွမ်ကနေ ၁၃၈ ယွမ်အထိပဲ ရှိပါတယ်။

ဆန်စျေးက မတက်ပေမဲ့ တရုတ်ငွေစျေးက အနည်းငယ် တက်လာတာကြောင့် မြန်မာငွေနဲ့ ပြန်တွက်ရာမှာ အနည်းငယ် တွက်ခြေကိုက် လာတာတော့ ရှိပါတယ်။

china burma borderbiz, Border Trade

မြန်မာ ကုန်ကားကြီးများ

ပြောင်းကတော့ နေ့စဉ်ဖျမ်းမျှ ကားစီးရေ (၂ဝ)အောက်ပဲ လာနိုင်တော့ပြီး စျေးကလဲ အဆက်မပြတ် တက်စျေးဖြစ်နေရာမှာ ပြောင်းဟောင်းတောင် လက်ရှိပေါက်စျေး (၁၄ဝ ဒဿမ ၅) ယွမ် စျေးရပြီး ပြောင်းသစ်ဆိုရင် တအိတ်ကို (၁၄၃)ယွမ် တောင် ရတဲ့အတွက် ပြောင်းတအိတ်ရဲ့ စျေးက ငစိန်ဆန်တအိတ်ရဲ့ စျေးထက်တောင် ပိုပါတယ်။

နှမ်းဖြူ နှမ်းနက် နှမ်းညိုတွေ နှမ်းစုံ လာနေတုန်းဖြစ်သလို၊ ရေထွက်ကုန် ဂဏန်း၊ ငါးရှဉ့်နဲ့ ရေခဲရိုက် ငါးတွေလဲ လာမြဲ လာပါတယ်။

ခုတလော ထူးထူးခြားခြား ဝင်လာတဲ့ကုန်လို့ ပြောရမှာကတော့ ကော်ဖီစေ့ နဲ့ စကားပန်းပွင့် ခြောက်တွေပါပဲ။

အင်္ဂါနေ့က ဆိုရင် ကော်ဖီစေ့က တန်(၂ဝ)ကျော်၊ စကားပန်းပွင့်ခြောက်က (၁ဝ)တန်ကျော် ဝင်သလို သကြားဖြူက ကား(၂)စီး၊ သကြားညိုက ကား(၁)စီး၊ ငရုတ်သီးခြောက်က ကားတစီးတိုက်အပြင်၊ ဆီးသီး ခြောက်၊ ဝဥခြောက်နဲ့ ပလတ်စတစ် ဖြတ်စတွေလဲ ဝင်ပါတယ်။

မြန်မာနိုင်ငံဖက်သွားနေတဲ့ သွင်းကုန်(တရုတ်ကုန်) တွေဖက်ကို ကြည့်မယ် ဆိုရင်တော့ သစ်သား သေတ္တာကြီးတွေနဲ့ ထည့်ထားတဲ့ စက်ပစ္စည်း ကြီးတွေ အပါအဝင် စက်ပစ္စည်းမျိုးစုံ ပုံမှန် မပျက် သွားနေသလို၊ ဓါတ်မြေသြဇာ မျိုးစုံ၊ လျှပ်စစ် ပစ္စည်းမျိုးစုံ၊ ဆိုင်ကယ်နဲ့ အပိုပစ္စည်းမျိုးစုံ တွေအပြင် သွပ်ပြား လိပ်ကြီးတွေ၊ မှန်ချပ်ကြီးတွေ ကားစီးလုံး တိုက်စီနဲ့ လူသုံးအိမ်သုံး ပစ္စည်းမျိုးစုံ တွေလဲ သွားနေပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ အရင်တပတ်ကနဲ့ နှိုင်းယှဉ်ရင် တရုတ်ငွေတန်ဖိုး အနည်းငယ်တက်လာပါတယ်။ ကနေ ့နယ်စပ်ငွေလဲနှုန်းကတော့ (၇၄၁)ပါ။ မြန်မာငွေ ကျပ် (၁ဝဝဝ)ဟာ တရုတ်ငွေ (၇)ယွမ်နဲ့ (၄၁) ပြား ဖြစ်ပါတယ်။


တရုတ်မြန်မာနယ်စပ်ကနေ ဘီဘီစီသတင်းထောက် ဦးမျိုးသစ် ပေးပို့တဲ့ သတင်းဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။