BBC navigation

မြန်မာဘက်က ဆန်နဲ့ သကြားတွေ ထွက်၊ တရုတ်ဘက်က ပန်းနဲ့ အင်ဂျင်တွေ ဝင်

နောက်ဆုံး ရေးသားချိန် 9 သြဂုတ်လ 2012 - 10:21 GMT
China Burma Border Biz

ပန်းစည်း ဂျပ်သေတ္တာဖာတွေ တင်ထားတဲ့ ထော်လာဂျီများ မြန်မာဘက် သွား

မူဆယ် (၁ဝ၅) မိုင် နယ်စပ် ကုန်သွယ်ရေးဇုံ လမ်းကြောင်းကြီးပေါ်ကနေ ဝင်လာနေတဲ့ လတ်တလော အဓိက မြန်မာ့ပို့ကုန် (လယ်ယာထွက်ကုန်) တွေကတော့ ဆန်တွေက နေ့စဉ် ပျမ်းမျှ ကားစီးရေ(၁ဝဝ) ဝန်းကျင် အထိ ဆက်လာနေတုန်း ဖြစ်ပြီး ပြောင်းတွေကတော့ နေ့စဉ် ပျမ်းမျှ ကားစီးရေ (၂ဝ နဲ့ ၃ဝ ) ကြားပဲ လာပါတော့တယ်။ အရင်ကထက် အဝင် ပမာဏ လျော့ကျ လာပါတယ်။

ဒါကြောင့် စျေးကတော့ အနည်းငယ်တက်လာပါတယ်။

၇၄၇ ဆန်က လက်ရှိ တအိတ်ကို (၁၃၂ -၁၃၃ ယွမ်)စျေးရှိပြီး ငစိန်က (၁၄ဝ-၁၄၁) ယွမ် ပေါက် ပါတယ်။ ပြောင်းကတော့ ပြောင်းဟောင်းတောင် တအိတ် (၁၃၇) ယွမ် စျေး ပေါက်ပြီး ပြောင်းသစ်က (၁၃၉) ယွမ်အထိ အမြင့်ဆုံးစျေး ပေါက်နေပါတယ်။

နှမ်းဖြူ နှမ်းနက် နှမ်းညို (၃) မျိုးစလုံ နှမ်းစုံဝင်သလို ပဲတီစိမ်းနဲ့ မတ်ပဲတွေလဲ ပုံမှန်မပျက် ဝင်နေပြီး ရေထွက်ကုန်-ဂဏန်း၊ ငါးရှဉ့်နဲ့ ရေခဲရိုက် ငါးတွေလဲ လာမြဲ လာပါတယ်။

China Burma Borderbiz

သစ်သားသေတ္တာနဲ့ ထည့်ထားတဲ့ ဒီဇယ်အင်ဂျင်များ

တခြားကုန်တွေထဲမှာတော့ ခုတလော မြန်မာ့ သကြားတွေ တော်တော်လေး တိုးဝင်လာတာတွေ့ရပြီး ငရုတ်သီး ခြောက်တွေလဲ ထူးထူးခြားခြား ဝင်ပါတယ်။ အင်္ဂါနေ့က ဆိုရင် သကြားညိုက ကားတစီး၊ ရိုးရိုး သကြားက ကား(၄) စီး တောင်ဝင်လာပြီး ငရုတ်သီးခြောက် (၁ဝ)တန် ကျော်တောင် ဝင်ပါတယ်။

ဆီးသီးခြောက်၊ ဂျင်းခြောက်နဲ့ ကြက်ဆူစေ့တွေ ဝင်သလို ပလတ်စတစ်ဖြတ်စနဲ့ ထန်းလျက်တွေ အပြင် နနွင်းတက်က တန်(၂ဝ) လောက် တောင် ဝင်ပါတယ်။

မြန်မာနိုင်ငံဖက် သွားနေတဲ့ သွင်းကုန်(တရုတ်ကုန်) တွေဖက် ကြည့်မယ်ဆိုရင်တော့ တရုတ်ဓါတ်မြေသြဇာ အမျိုးမျိုး၊ ဆိုင်ကယ်နဲ့ အပို ပစ္စည်းမျိုးစုံ ပုံမှန်မပျက် သွားနေပြီး ပန်းသီး၊ သစ်တော်သီး စတဲ့ တရုတ် သစ်သီးဝလံ တွေအပြင် ကူမင်းကလာတဲ့ တရုတ် ပန်းမျိုးစုံ တွေလဲ သွားနေပါတယ်။

Diesel Engines

သစ်သားသေတ္တာနဲ့ ထည့်ထားတဲ့ ဒီဇယ်အင်ဂျင်များ

ပန်းတွေက အစည်းလိုက် အစည်းလိုက် ဂျပ်သေတ္တာ ဖာကြီးတွေနဲ့ ထည့်ထားပြီး၊ အဲဒီ ပန်း ဂျပ်သေတ္တာကြီး တွေဟာ ကျယ်ကောင်ကနေ မူဆယ်ဖက်ကို ထော်လာဂျီနဲ့ ပို့ပြီး မူဆယ် ကားဂိတ်တွေကမှ မန္တလေး ရန်ကုန်အထိ ဆက်လက် ပို့ဆောင် ကြပါတယ်။

အခုတလောမှာ ထူးထူးခြားခြား သွားနေတဲ့ ကုန်စည်တမျိုးလို့ ပြောရမှာကတော့ တရုတ်လုပ် ‘ဒီဇယ်အင်ဂျင်’စက် တွေပါပဲ။

သစ်သားသေတ္တာနဲ့ ထည့်ထားတဲ့ ဒီဇယ် အင်ဂျင်စက်တွေ ကားစီးလုံးတိုက် အပြည့်သွားနေသလို တခြား စက်ပစ္စည်းမျိုးစုံနဲ့ လူသုံး အိမ်သုံး ပစ္စည်းမျိုးစုံလဲ သွားနေပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ ဗုဒ္ဓဟူးနေ့ နယ်စပ် ငွေလဲနှုန်းကတော့ (၇၄၂)ပါ၊ မြန်မာငွေကျပ်(၁ဝဝဝ)ဟာ တရုတ်ငွေ (၇)ယွမ်နဲ့(၄၂)ပြား ဖြစ်ပါတယ်။


တရုတ်မြန်မာနယ်စပ်ကနေ ဘီဘီစီသတင်းထောက် ဦးမျိုးသစ် ပေးပို့တဲ့ စီးပွားရေး သတင်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။