BBC navigation

ထိုင်းမြန်မာနယ်စပ် စီးပွားရေး

နောက်ဆုံး ရေးသားချိန် 31 ဇူလိုင်လ 2012 - 18:18 GMT
Thai Burma Border Biz

မဲဆောက်၊မြ၀တီ နယ်စပ်မှာ အခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက်၊ မိုးသည်းထန်နေပေမဲ့ ဂျပန်က တပတ်ရစ်ပစ္စည်းတွေ တင်လာတဲ့ ကွန်တိန်နာ ပုံးတွေနဲ့ လောင်စာဆီ ဘောက်ဆာတွေ မဲဆောက်က တဆင့် မြန်မာဖက်ကို နေ့တိုင်း သွားနေပါတယ်။

မြန်မာဖက်မှာ၊ဂျပန်တပတ်ရစ်ပစ္စည်းတွေနဲ့ လောင်စာဆီတွေအ၀ယ်လိုက်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

''ဂျပန်ကလာတဲ့ ကွန်တိန်နာပုံးတွေ တရက်ကို ၅ လုံးကနေ ၆ လုံးအထိ လာတယ်။ တလကိုအလုံး ရာနဲ့ချီရှိတယ်။ အဲဒီ ကွန်တိန်နာပုံး ထဲပါလာတဲ့ တပတ်ရစ်ပစ္စည်း၊ ကား၊ စက်ဘီး၊ တီဗွီ၊ ရေခဲသေတ္တာ၊ အပ်ချုပ်စက်၊ ဆိုင်ကယ်နဲ့ လူသုံးကုန် ပစ္စည်းအမျိုးမျိုးတွေ အပြင် မလေးရှားက လာတဲ့ဓါတ်ဆီ၊ ဒီဇယ်ဆီတွေပဲ အခုတလော မြန်မာဖက်ကို အများဆုံး ရောင်းနေ ရတယ်လို့ပြောသွားပါတယ်''လို့ ထိုင်းလက္ကား ကုန်သည်တစ်ဦးက ပြောပါတယ်။

ဒီပစ္စည်းတွေအပြင် တခြား မြန်မာဖက်ကို သွားနေတဲ့ ပစ္စည်းတွေအထဲမှာ ကြက်ဥ၊ဘဲ၊ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ အများဆုံး ဖြစ်တာ တွေ့ရပါတယ်။

တခြားစားကုန်တွေကတော့၊ မုန့်ပုံးမျိုးစုံ၊ အချိုရည်မျိုးစုံ၊ ကော်ဖီမှုန့်၊ အိုဗာတင်း၊ မိုင်လို စတာတွေ ဖြစ်ပါတယ်။

လူသုံးကုန်နဲ့ လုပ်ငန်းသုံး ပစ္စည်းတွေက၊ မိုးတွင်းစီး ရာဘာ ဖိနပ်တွေ၊ ပလပ်စတစ် အလိတ်တွေ၊ ပလပ်စတစ် ကြိုးခွေတွေ၊ သံခေျာင်း၊ သံလုံး၊ သံပြားတွေ များပါတယ်။

ထိုင်းဖက်ကိုပြန်၀င်လာတဲ့ မြန်မာကုန်တွေအထဲမှာ အများဆုံးက ဆန်၊ ကြက်သွန်၊ ကုလားပဲလုံး၊ ကုလားပဲခြမ်း၊ ဂျုံစေ့၊ ရွှေဂျီ၊ ဆယ်မိုင်မုန့်ခြောက်၊ ခေါက်ဆွဲခြောက်တွေ၊ အသားဗူးတွေနဲ့ နို့ထောပတ်ပုံး တွေကို တွေ့ရပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားစျေးကွက် အတွက် ထိုင်းဖက်ကို တင်ပို့လာတာတွေက ငပိ၊ ငပိရည်ကျို၊ ငံပြာရည်၊ ငါးခြောက်၊ ပုဇွန်ခြောက်နဲ့ တိုင်းရင်းဆေးဝါးတွေ ဖြစ်ပါတယ်။

ရွှေစျေးနဲ့ငွေစျေးတွေမှာတော့ တနင်္လာနေ့ ညနေပိုင်းမှာ ထိုင်းအထည်ရွှေ တဘတ်သားဟာ ထိုင်းဘတ် ၂၄၂၀၀ နှုန်းဖြစ် ပြီးတော့ မြန်မာငွေစျေးက၊ ကျပ်တရာကို ထိုင်းဘတ်၃ ဘတ် ၆၇ ပြားနှုန်းနဲ့ စျေးပိတ်သွားပါတယ်။


မဲဆောက်က ဘီဘီစီသတင်းထောက် ကိုအောင်ကျော်ဦး ပေးပို့တဲ့ စီးပွားရေး သတင်း ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။