BBC navigation

တရုတ်နယ်စပ်မှာ ပြောင်းစျေးကောင်း၊ ဆန်စျေးနိမ့်

နောက်ဆုံး ရေးသားချိန် 11 ဇူလိုင်လ 2012 - 19:27 GMT

မူဆယ် (၁ဝ၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုံ လမ်းကြောင်းကြီးပေါ်ကနေ ဝင်လာနေတဲ့ မြန်မာ့ပို့ ကုန်တွေထဲမှာ နှိုင်းယှဉ်ချက်အားဖြင့် ပမာဏ အများဆုံးဝင်နေတဲ့ ပို့ကုန်လို့ ပြောရမှာကတော့ ဆန် နဲ့ ပြောင်းပါပဲ။ ဒါတောင် အရင်ကနဲ့ နှိုင်းယှဉ်ရင် အရင်လောက် မများပဲ လျော့ကျနေပါတယ်။

China Burma Border

ဆင်းကုန် သံချောင်း သံပိုက်လုံးတွေတင်ထားတဲ့ မြန်မာကုန်ကားကြီး

အခုတလောမှာ ဆန်က နေ့စဉ်ကားစီးရေ (၅ဝ နဲ့ ၈ဝ)ကြားပဲ လာနေသလို၊ ပြောင်းကလဲ နေ့စဉ်ကားစီးရေ (၃ဝ နဲ့ ၅ဝ)ကြားပဲ လာပါတယ်။ ဆန်က တရုတ်ဝယ်လက် ဆွဲအားလေးနေပြီး၊ စျေးကလဲ ကျစျေးဖြစ်နေ တာကြောင့် အခုလိုလျော့ လိုက်လာတာလို့ ခန့်မှန်းကြ ပါတယ်။

အင်္ဂါနေ့ကဆိုရင် ငစိန်တအိတ်ကို (၁၃၆ -၁၃၇ယွမ်)ပဲ ပေါက်ပါတယ်။ ပြောင်းကတော့ တော်တော်ကို စျေးကောင်းပါတယ်၊ ဒါပေမဲ့ မန္တလေးဖက်မှာလဲ ပြောင်းစျေးက ကောင်းနေတာကြောင့်၊ အခု တရုတ်ဖက်ခြမ်းကို လာနေတဲ့ပြောင်းတွေဟာ ရှမ်းပြောင်းတွေချည်းအများဆုံးပါပဲ။ တောင်ကြီး လားရှိုး သိန်းနီနဲ့ သီပေါဖက်က ပြောင်းတွေပဲ အလာများပါတယ်။

ကွန်ကရစ် ဇလီဖားတုံးရိုက် သံထည်‘မို’ချောင်းတွေ အပြည့်တင်ထား

ပြောင်းစျေးကတော့ ပြောင်းဟောင်းတောင် တအိတ်(၁၃၁) ယွမ်ရှိပြီး ပြောင်းသစ်က (၁၃၃)ယွမ်အထိ ရနေရင်း၊ တချို့က (၁၃၄) ယွမ် အထိတောင် စျေးတက်ပြီး ခေါ်နေကြတဲ့ အနေအထားရှိပါတယ်။

ပဲတီစိမ်းနဲ့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းဖြူနှမ်းနက်တွေ အသင့်အတင့်စီ ဆက်လက်လာနေသလို၊ ရေထွက်ကုန်-၈ဏန်း၊ငါးရှဉ့်၊ ရေခဲရိုက်ငါး၊ငါးဆားနယ်နဲ့ ငါးလေးခြောက်တွေအပြင် အင်္ဂါနေ့က ဆိုရင် အမဲသားက (၁ဝ)တန်ကျော်၊ သီဟိုစေ့က (၁၂)တန်၊ မိချောင်း ကွမ်းဖတ်စေ့က တန်(၃ဝ) ကျော်နဲ့ ပလတ်စတစ် ဖြတ်စ တွေလဲ လာပါတယ်။

China Burma Border Biz

မြန်မာပြည်သွားမယ့် တရုတ်စက်ပစ္စည်းတွေ

မြန်မာနိုင်ငံဖက်သွားနေတဲ့ သွင်းကုန်(တရုတ်ကုန်)တွေဖက်ကို ကြည့်မယ်ဆိုရင်လဲ အခုတလော သွင်းကုန်တွေ လျော့ နည်းနေတာတွေ့ရပြီး၊ နှိုင်းယှဉ်ချက်အားဖြင့် သွားနေကျ ဓါတ်မြေသြဇာမျိုးစုံနဲ့ စက်ပစ္စည်းအမျိုးမျိုးတွေပဲ အများဆုံးသွား နေရတယ်လို့ ပြောရပါမယ်။

ရထားလမ်းမှာ သစ်သားဇလီဖားတုံးအစား ကွန်ကရစ်ဇလီဖားတုံးတွေ ပြောင်းလဲ အသုံးပြုနိုင် ဖို့ ကွန်ကရစ်ဇလီဖားတုံးရိုက် သံထည် ‘မို’ပုံစံချောင်းတွေ အမြောက်အများသွားနေတာ ထူးထူး ခြားခြားတွေ့ရပြီး၊ သုံးဘီးဆိုင်ကယ်၊သုံးဘီးကား၊သံချောင်းသံပိုက်လုံးနဲ့ လူသုံးအိမ်သုံး ပစ္စည်းမျိုးစုံတွေလဲ အသင့် အတင့်စီ သွားနေပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ ငွေလဲနှုန်းကတော့ (၇၃၄၅)ပါ။ မြန်မာငွေကျပ် (၁ဝဝဝ)ဟာ တရုတ်ငွေ(၇) ယွမ်နဲ့ (၃၄)ပြားခွဲဖြစ်ပါတယ်။


တရုတ်မြန်မာ နယ်စပ်က ဘီဘီစီ သတင်းထောက် ဦးမျိုးသစ် ပေးပို့တဲ့ သတင်း ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။