BBC navigation

တရုတ်မြန်မာနယ်စပ် သရက်အရောင်းအဝယ်

နောက်ဆုံး ရေးသားချိန် 21 ဇွန်လ 2012 - 17:28 GMT
Mango Trade

ကားပေါ်တင်ထားတဲ့ သရက်ဖာများ

ပြည်ပထိအောင် တင်ပို့ရတဲ့ သစ်သီးဝလံတွေထဲမှာ အရေးပါတဲ့ ပြည်ပပို့ကုန် (ရာသီကုန်)တမျိုးကတော့ ‘မြန်မာ့သရက်သီး’တွေ ဖြစ်ပါတယ်။

မြန်မာ့သရက်တွေဟာ အဓိကအားဖြင့်တော့ တရုတ်ပြည်စျေးကွက် အတွင်းကိုပဲ အများဆုံး တင်ပို့နေရတာ ဖြစ်ပါတယ်။

အထူးသဖြင့်- မူဆယ်(၁ဝ၅) မိုင်နယ်စပ်ကုန်သွယ်ရေးဇုံလမ်းကြောင်းကြီးကနေ တင်ပို့နေ ကြတာဖြစ်ပါတယ်။ အခုအချိန်ဟာ မြန်မာ့သရက်တွေ လှိုင်လှိုင်ထွက်နေတဲ့
ပြည်ပပို့ကုန် ‘သရက်ရာသီချိန် ’ပါပဲ။

ဒီနှစ်ထဲမှာ သရက်ရာသီဟာ သင်္ကြန်တိုင်ခါနီးလောက်မှပဲ စခဲ့တာတွေ့ရပြီး၊ မေလလယ်နဲ့ မေလကုန်ကာလ အတွင်းတွေမှာတော့ သရက်တွေ အများဆုံးဝင်ခဲ့ပါတယ်။ အခုလဲပဲ ဝင်နေတုန်းပါပဲ။

သရက်ရာသီအစမှာ သရက်သီး ဂျပ်သေတ္တာဖာ( သုံးလေးငါးရာ )နဲ့ပဲ စနိုင်ခဲ့ပြီး အဲဒီကနေ ထောင်ပိုင်း သောင်းပိုင်းအထိ တစတစ တက်လာခဲ့ကာ၊ သရက်တွေအများဆုံး ဝင်ချိန်မှာတော့ နေ့စဉ်ပျမ်းမျှ သရက်ဂျပ် သေတ္တာဖာပေါင်း (၄ဝဝဝဝ)ကျော် အထိတောင် ဝင်ခဲ့ပါတယ်။ သရက်သီး တဖာဟာ သရက်သီး(၁၅) ကီလို ပါပါတယ်။

ဆေးဆိုးသရက်လည်းရှိ

ပေါ်ဦးပေါ်ဖျား စျေးကောင်းမိချိန်တွေမှာ သရက်သီးကို အမြန်ခူးပြီး အလုအယက်တင်ကြလေ့ရှိသလို၊ စျေးကွက်ထဲရောက်မှ မှည့်စေချင် လှစေချင်တဲ့အချိန်ကျမှ သရက်သီးကို ‘ဆေးတို့’လေ့ရှိတဲ့ ပြဿနာတွေလဲ မကြာခဏကြားရလေ့ရှိတာကြောင့်၊ ဒီနှစ်ထဲမှာတော့ ‘သရက်တွေကို ဆေးမတို့ရ ’ လို့ မြန်မာနိုင်ငံဖက်က တာဝန်ရှိသူတွေက တင်းတင်းကျပ်ကျပ် သတိပေး တားမြစ်တာတွေ ရှိကြောင်းသိရပေမဲ့၊ တရုတ် ဖက် က ဝိသမ ကုန်သည်တချို့ ကတော့ ဆေးတို့ကြတာတွေ ရှိသေး ကြောင်းလဲ ကြားရပါတယ်။

“ကျမတို့က ကိုယ့်ဖက်ပဲ ကိုယ်လုံအောင်ထိန်းနိုင်တာ တရုတ်ပြည်ဖက် ရောက်သွားလို့ သူတို့ ဟာသူတို့ ဆေးတို့ ကြတာတွေတော့ မတတ်နိုင်ဘူး။ အဲဒီလို ဆေးတို့ တာတွေကတော့ အခုလဲ နည်းနည်း ပါးပါးတော့ ရှိနေသေးတယ်လို့ ကြားရတာပဲ ” လို့ နယ်စပ်က မြန်မာသရက်သီးကုန်သည် အမျိုးသမီးတယောက် ကတော့ သူသိထားသလို ရှင်းပြပါတယ်။

သရက်မျိုး စုံလင်

တရုတ်နိုင်ငံဖက်ခြမ်းအထိ တင်ပို့ကြတဲ့ မြန်မာ့ သရက်တွေထဲမှာ မျိုးကောင်းသရက်တွေဖြစ်တဲ့ ‘စိန်တလုံး’ နဲ့‘ရွှေဟင်္သာ’ကို သရက်ချော (သရက်ယဉ်) တွေလို့ သတ်မှတ်ပြီး၊ စိုင်ရ ၊ ရင်ကွဲ၊ မယ်သီ၊ အောင်ဒင် စတဲ့ ကျန်သရက်မျိုးတွေမှန်သမျှကို ‘သရက်ကြမ်း’တွေ အဖြစ် သတ်မှတ်ထားပါတယ်။

တရုတ်ဖက်ခြမ်းမှာ သရက်တွေထဲမှာ စိန်တလုံးဟာ လူကြိုက်အများဆုံးဖြစ်ပြီး စျေးလဲ အမြင့်ဆုံးရပါတယ်။

စိန်တလုံးနဲ့ ရွှေဟင်္သာမှာလဲ၊ အိပ်စွပ်သီးနဲ့ အိပ်မစွပ်သီးဆိုပြီး (၂) မျိုးစီ ကွဲပြားပြီးဝင်ရာမှာ အိပ်စွပ်သီး (ရှယ်သီး)တွေက အိပ်မစွပ်သီး(ရိုးရိုးသီး) တွေထက် သိသိသာသာ စျေးပို ရပါတယ်။ တခါတရံ စျေးက ခေါက်ချိုး နီးပါးတောင် ကွာပါတယ်။

ဒီနှစ်ထဲမှာ စိန်တလုံးတွေဟာ စျေးအကောင်းဆုံးအချိန်က တဖာကို ယွမ် (၁၄ဝ)ကျော်အထိ အမြင့်ဆုံးရခဲ့ပြီး၊ စျေးအကျဆုံးအချိန်မှာ တဖာယွမ် (၈ဝ)အထိ ရောက်ခဲ့တာလဲ တွေ့ရသလို၊ များသောအားဖြင့်ကတော့ ယွမ် (၁ဝဝ)ကျော်ဝန်းကျင်မှာပဲ အရောင်းအဝယ်ဖြစ်ခဲ့ကြတာ များပါတယ်။

လတ်တလော ပေါက်စျေးကတော့ စိန်တလုံးတဖာ-ယွမ် (၁၂ဝ)၊ ရွှေဟင်္သာတဖာ ယွမ်(၁၁ဝ)ဖြစ်ပါတယ်။

မြန်မာအလုပ်သမားများ လုပ်ကိုင်ကြ

တရုတ်ဖက်ခြမ်းက ကုန်သည်တွေဟာ သရက်သီးတွေကို (၁ဝ၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုံအထိ သွားရောက် ကြည့်ရှု့ စျေးဖြတ် ဝယ်ယူကြလေ့ရှိပြီး ၁ဝ၅ မိုင်ကနေ ကျယ်ကောင်ဖရဲကွင်းအထိကို မြန်မာသစ်သီးပွဲရုံက ကားတွေနဲ့ တင်ဆောင်ကာ၊ ကျယ်ကောင် ဖရဲကွင်းကြီး ထဲမှာမှ အသင့်ရှိနေတဲ့ တရုတ် ကားကြီးတွေပေါ်၊ ကားချင်းပြောင်း တင်ချသယ်ဆောင်ကြလေ့ ရှိတဲ့အတွက်၊ ကျယ်ကောင် ဖရဲကွင်းကြီး အတွင်းမှာ မြန်မာ နိုင်ငံ ဖက်ခြမ်းက လာရောက် အလုပ်လုပ်ကိုင် နေကြတဲ့ မြန်မာ ကုန်တင်ကုန်ချ အလုပ်သမားတွေ ရှိပါတယ်။

လက်ရှိအချိန်မှာ ကျားမအလုပ်သမားစုစုပေါင်း (၁ဝဝ)ဝန်းကျင်လောက် ရှိပါတယ်။ တရုတ်ကားကြီးတစီးတစီးမှာ သရက်သီးဂျပ်သေတ္တာဖာပေါင်း (၁၂ဝဝ)မှ (၁၈ဝဝ)ကျော်အထိ တင်ဆောင်ကြလေ့ရှိပါတယ်။ ၁ဝ၅မိုင်မှ ကျယ်ကောင်ဖရဲကွင်းအထိ သယ်ဆောင်ခ မြန်မာကားခဟာ သရက်တဖာ-မြန်မာငွေကျပ် (၁ဝဝ)နှုန်းရှိပြီး၊ မြန်မာကားကနေ တရုတ်ကားပေါ်- ကားချင်း နောက်ပြန်ဖင်ထိုးပြီး သရက်သီးဖာတွေ တင်ချ-သယ်စီခ အလုပ်သမားခကတော့ သရက်သီးတဖာ- တရုတ်ငွေ ( ၁ ဂျော့ နဲ့ ၂ ဖင်း- တနည်းအားဖြင့် တရုတ်ငွေ ၁၂ ပြား) နှုန်းပဲ ရှိပါတယ်။

အဲဒီတရုတ်ငွေ (၁၂)ပြားဟာ မြန်မာငွေ ( ၁၄-၁၅ )ကျပ်ဝန်းကျင်ဖြစ်ပါတယ်။ အခုလက်ရှိသရက်ရာသီချိန်မှာ- ကျယ်ကောင်ဖရဲကွင်းအတွင်း လာရောက်အလုပ်လုပ်ကိုင်နေရတဲ့ မြန်မာနိုင်ငံသား ကုန်တင်ကုန်ချအလုပ်သမားတွေဟာ၊ အလုပ်လုပ်ကိုင်ရမှုအနည်းအများပေါ်မူတည်ပြီး အလုပ်သမားတစ်ယောက် တနေ့လုပ်ခ ယွမ် (၃ဝ) မှ (၅ဝ)ဝန်းကျင် အထိ ရကြတယ်လို့ သိရပါတယ်။


တရုတ်မြန်မာနယ်စပ်မှ ဦးမျိုးသစ် ပေးပို့သော သတင်းဆောင်းပါး ဖြစ်ပါသည်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။