နောက်ဆုံး ရေးသားချိန် 4 ဧပြီလ 2011 - 16:29 GMT

မဲဆောက် မြဝတီ နယ်စပ် ပိတ်ထားဆဲ

ပလက်စတစ် ပစ္စည်းတွေ

မဲဆောက် မြ၀တီ နယ်စပ်မှာ မြန်မာဖက်ကနေ ထိုင်းကုန်ပစ္စည်း တွေကို ခိုးသွင်းတာ တင်းကြပ် ထားပေမယ့် အခုရက်ပိုင်းမှာ ထိုင်းကုန် ပစ္စည်း တွေ အတော်များများ မြန်မာဖက်ကို သွားနေပါတယ်။

ဒါဟာ တရားဝင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကို မြန်မာဖက်က ပိတ်ထားတာ ၈ လထဲကို ဝင်လာတဲ့ အချိန်မှာ မြန်မာဖက်က လူထုကော ဝန်ထမ်းတွေပါ စားဝတ်နေရေး အတော် ကြပ်တည်း နေတာကြောင့် နားလည်မှုနဲ့ အပေးအယူ လုပ်လာတာကြောင့် ကုန်ပစ္စည်းတွေ မြန်မာဖက်ကို တရားမဝင်တဲ့ နည်းနဲ့ သွားနိုင်တာ ဖြစ်တယ်လို့ ကုန်သည် တယောက်က ပြောပါတယ်။

ခွင့်ပြုချက် ရတယ်လို့ မဟုတ်ပေမယ့် နားလည်မှုနဲ့ သွားနေ လာနေတာ ဖြစ်ပြီး ဒီလိုမှ မပေးသွားရင် မိသားစု စားဝတ်နေရေး အခက်အခဲ ဖြစ်မယ်။

ဘိလပ်မြေနဲ့ စက်သုံးဆီ တွေက သွားလာလို့ လွယ်ပြီး ကျန်တဲ့ ကုန်တွေကတော့ ဝါးစေ၊ ဝေစားပေါ့လို့ ကုန်သည် တယောက်က ပြောပါတယ်။

ဒါ့အပြင် မြန်မာဖက်ကို သွားနေတဲ့ ထိုင်းက ပစ္စည်းတွေ အနက် ဆောက်လုပ်ရေးမှာ သုံးတဲ့ သံခေျာင်း၊ သံယက်မတွေ၊ ကားတာယာ၊ ဆိုက္ကယ် တာယာ၊ ကားအပိုပစ္စည်း အသစ်၊ တပတ်ရစ် ကားခေါင်း၊ ကားတံခါးနဲ့ ကားအင်ဂျင်တွေ အပြင်၊ ကီလိုချိန်နဲ့ ရောင်းတဲ့ ပိတ်စတွေကိုလည်း တွေ့ရ ပါတယ်။

စားသောက်ကုန် တွေကတော့ အချိုမှုန့်၊ အချိုရည်မျိုးစုံ၊ မုန့်မျိုးစုံနဲ့ အဖျော်ယမကာတွေ၊ အသီးအနှံတွေ၊ ဟင်းသီး၊ ဟင်းရွက်မျိုးစုံ၊ မွေးမြူရေး ကြက်၊ ကြက်ဥ၊ ဘဲဥ၊ ငါး၊ ပုဇွန်တွေ ဖြစ်ပါတယ်။

ထိုင်းဖက်ကို ပြန်တင်ပို့လာတဲ့၊ မြန်မာပစ္စည်းတွေက၊ ဆန်၊ ငြုပ်၊ ကြက်သွန်၊ အာလူး၊ ပဲမျိုးစုံ၊ ငါးစို၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ ဂဏာန်းတွေ များပါတယ်။

တခြားကုန် တွေက၊ ပုဆိုး၊ ထမိန်၊ ကတ္တီပါဖိနပ်၊ သနပ်ခါး၊ ငပိ၊ ငပိရည်ကျို၊ ပဲငပိ၊ ချိုချဉ်ထုတ်မျိုးစုံ၊ မုန့်မျိုးစုံ၊ ငြုပ်ဆီနဲ့ အမွှေးတိုင်၊ ဖယောင်း၊ တိုင်းရင်း ဆေးဝါး စတာတွေ ဖြစ်ပါတယ်။

ရွှေစျေးနဲ့ ငွေစျေးဖက်ကို ကြည့်ရင်၊ မနေ့က ညနေပိုင်းမှာ ထိုင်းအထည်ရွှေ တဘတ်သားဟာ ထိုင်းဘတ် ၂ဝ၅၅ဝ နှုန်း ဖြစ်ပြီးတော့၊ မြန်မာ ငွေစျေးက၊ ကျပ်တရာကို ထိုင်းဘတ် ၃ ဘတ် ၅၂ ပြား စျေးပေါက်နေပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။