နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2011 - 23:24 GMT

ကုန်သည်ကြီးပိုင်း အသွားအလာ သိသိသာသာ နည်း

ကြက်ဥ ဘဲဥ တွေကလည်း ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ အရေးပါ

အခုရက်ပိုင်းမှာ မဲဆောက်၊ မြဝတီနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကနေ၊ ကုန်သည်ကြီးပိုင်း အသွားအလာ သိသိသာသာ နည်းသွားတာကိုတွေ့ရပါတယ်။

အဲဒီလို ကုန်သည်ကြီးတွေ အသွားအလာ နည်းသွားတာနဲ့ ပတ်သက်ပြီးတော့၊ လမ်းမှာ သွားရေးလာရေး၊ နည်းနည်း အခက်အခဲ ရှိတာပေါ့ ၊ လမ်းထဲမှာ ကားမိုင်း၊ ခဏ၊ ခဏ ပေါက်တယ် ၊ ကုန်ပစ္စည်းတွေလည်း၊ အသွားအလာ တော်တော် နည်းသွားတယ်၊ ဒီကနေ ယူသွားတဲ့ ပစ္စည်းတွေတောင်မှ၊ ဘားအံ အထိတောင်၊ အသည်းအသန် သွားရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဒါ့အပြင် ဘားအံဟိုဖက်ကို လုံးဝ သွားမရပဲ ၊ ဂျူတီလည်းမရှိ ၊ ဘယ်ငြိမ်းချမ်းရေး အဖွဲ့ကိုမှလည်း အခွင့်အရေး မပေးထား၊ ဘယ်သူ့နာမည်နဲ့မှ သွားလို့မရ လာလို့မရ ဖြစ်နေတယ်လို့ ကုန်သည်တယောက်က ပြောပါတယ်။

လက်ရှိ၊ မိသားစု စားဝတ်နေရေး အတွက်၊ တဆွဲတပိုး လုပ်စားသူတွေနဲ့ ကယ်ရီသမားတွေလောက်ပဲ၊ သက်စွန့်ဆံဖျား သွားလာ နေကြပါတယ်။

စားသောက်ကုန် ကြက်ဥ၊ ဘဲဥ၊ မွေးမြူရေးကြက်၊ ငါး၊ ပုဇွန်နဲ့ ဟင်းသီး၊ဟင်းရွက်တွေက အရေးကြီးတဲ့၊ နေ့စဉ်သုံး စားကုန်တွေမို့လို့၊ ဒီစားသောက်ကုန်တွေကို သယ်တဲ့၊ တဆွဲတပိုးသမားတွေက နည်းနည်းမျက်နှာသာ ရပေမဲ့၊ ဂိတ်ကြေးကတော့ ပေးရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

တခြား စားသောက်ကုန်တွေ ဖြစ်တဲ့၊ အချိုမှုန့်၊ အချိုရည်၊ မုန့်မျိုးစုံတွေလည်း သွားနေပေမဲ့၊ အရင် မှောင်ခို ခေတ်တုံးကလို၊ လူတကိုယ်၊ တနိုင်ဆွဲပိုးသွားရတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ် အပိုပစ္စည်းဖြစ်တဲ့၊ ဆိုင်ကယ်ခွေ၊ တာယာ၊ ကျွတ်၊ စတာတွေနဲ့ ကားပစ္စည်း အဟောင်းတွေနဲ့ တခြားပစ္စည်းတွေ ကိုတော့၊ မြို့လမ်းကနေ ဝှက်ပြီး တမျိုး၊ တောလမ်းတွေကနေ သယ်တာကတဖုံ နည်းမျိုးစုံနဲ့ သယ်နေကြတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာနိုင်ငံ ကလာတဲ့၊ ဆန်၊ ငြုပ်၊ ကြက်သွန်၊ ပဲ၊ စတာတွေ ကိုလည်း၊ အဝတ်စားထည့်တဲ့ ခရီးဆောင် အိတ်မျိုးတွေနဲ့ သယ်လာတာကို တွေ့ရပါတယ်။

ရွှေစျေးနဲ့ ငွေစျေးဖက်ကို ကြည့်ရင်၊ မနေ့က ညနေပိုင်းမှာ ထိုင်းအထည် ရွှေတဘတ်သားဟာ ထိုင်းဘတ် ၁၉၆၅၀ နှုန်းဖြစ်ပြီးတော့၊ မြန်မာငွေက၊ ကျပ်တရာကို ထိုင်းဘတ် ၃ ဘတ် ၅၉ ပြားနှုန်းနဲ့ စျေးပိတ် သွားပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။