နောက်ဆုံး ရေးသားချိန် 31 မတ်လ 2010 - 02:18 GMT

တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေး

jeweleryshop

တရုတ်မြန်မာ နယ်စပ်က ကျောက်မျက် ရတနာဆိုင်

တရုတ်မြန်မာ နယ်စပ် ကုန်သွယ်ရေး အခုတလော သွက်လက်စွာ ကုန်စည် စီးဆင်းနေပါတယ်။

မြန်မာ နိုင်ငံဖက်ကို တင်ပို့တဲ့ ကုန်ပမာဏထက် တရုတ် ဖက်ကို သွင်းလာတဲ့ ကုန်တွေက ပိုများတယ်လို့ သိရပြီး ကုန်တင်ပို့ဖို့ ကားဂိတ်ကြီးမှာ ကားရှားနေပါတယ်။

တရုတ် ဘိလပ်မြေ အလုံးအရင်းနဲ့ မြန်မာဖက်ကို သွင်းနေပြီး ဒါတွေက တကောင်း နီကယ် စီမံကိန်း အဆောက်အဦနဲ့ မြစ်ငယ် ရထားပို့ဆောင်ရေး ဌာန စီမံကိန်း တွေအတွက် ဖြစ်ပါတယ်။

ဓါတ်မြေသြဇာ ၊ ဆောက်လုပ်ရေး ပစ္စည်း အမျိုးမျိုး ၊ ဆိုင်ကယ်နဲ့ အပိုပစ္စည်း မျိုးစုံ ၊ စက်ပစ္စည်း မျိုးစုံ ၊ ဓါတ်ဗူး ၊ ဓါတ်ခဲ ၊ အိမ်အမိုး ကတ္တရာပြားလိပ် ၊ ပုံနှိပ်လုပ်ငန်းသုံး စက္ကူ အမျိုးမျိုးနဲ့ လျှပ်စစ်ပစ္စည်း မျိုးစုံကို တရုတ်ဖက်ကနေ မြန်မာကို တင်ပို့နေပါတယ်။

မြန်မာ့ လယ်ယာထွက်ကုန်တွေ ဖြစ်တဲ့ နှမ်း ၊ ပြောင်း ၊ ပဲအမျိုးမျိုးတွေ ပုံမှန်အတိုင်း တရုတ်ပြည်ဖက်ကို တင်သွင်းနေပေမယ့် နှမ်း အဝင် ကျဲလာတယ်လို့ သိရပါတယ်။

ပဲတီစိမ်း အလာကျဲ သလို ပြောင်းဈေးလည်း ကျသွားပြီး လက်ရှိပေါက်ဈေး ၁ဝ.၇ ယွမ်ဘဲရှိတယ်လို့ ဆိုပါတယ်။

ပြောင်းဖူးစေ့ကတော့ ၅ဝ ကီလိုတအိတ်ကို ပေါက်ဈေး ၉၅ယွမ် ကျော်ကျော်လေးပဲ ရှိတယ်လို့ သိရပါတယ်။

ထူးခြားတဲ့ ကုန်ကတော့ ရှားစေးနဲ့ ကွမ်းစားဂမုန်း တွေဖြစ်ပြီး ရှားစေး တတန်ကို ရဝ၅ ဒေါ်လာ ၊ ကွမ်းစားဂမုန်း တတန်ကို ၁ဝ၅ဂ ဒေါ်လာ တန်ဖိုးသတ်မှတ်လို့ အခွန်ဆောင်ရကြောင်း ကုန်သည်တွေက ပြောပြပါတယ်။

ဆီးသီးခြောက် ၊ ဆီးဆံတွေ အများအပြား ဆက်ဝင်နေသလို ထန်းလျက် ၊ မန်ကျီးသီးမှည့် ၊ ကြောင်ပန်စေ့ ၊ ကြောင်ရှာစေ့ ၊ နေလဲစေ့နဲ့ သီဟိုစေ့တွေ အပြင် ဂျင်းခြောက် ၊ ဝဥခြောက် ၊ မျောက်ဥခြောက် နဲ့ ဆံပင်တွေ တရုတ်ဖက်ကို သွင်းလာနေပါတယ်။

မြန်မာ ကျပ်ငွေ တစ်ထောင်ဟာ တရုတ်ငွေ ၆ယွမ်နဲ့ ၈၁ပြား ဈေးပေါက်နေပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။