မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ကုလ ကိုယ်စားလှယ် ဝေဖန်

  • 26 ဇူလိုင် 2014
၁၀ရက်ကြာ ခရီးစဉ်အတွင်း ရခိုင်ဒေသ၊ ကချင်ဒေသနဲ့ မန္တလေးမြို့တွေဆီ မစ္စ ယန်ဟီးလီး သွားရောက် လေ့လာခဲ့

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီး ရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် ပြီးဆုံးသွားပြီ ဖြစ်ရာမှာ ဒီကနေ့ ဇူလိုင်လ ၂၆ရက် ညနေ ၆ နာရီက မင်္ဂလာဒုံ လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး သူ့ရဲ့ ခရီးစဉ် အတွေ့အကြုံတွေကို ရှင်းလင်း ပြောပြခဲ့ပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲမှာ မစ္စ ယန်ဟီးလီးက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ အသွင်ကူးပြောင်းစ ကာလကနဲ့ မတူဘဲ ယိုယွင်း အားနည်း လာနေတယ်လို့ ဝေဖန် ထောက်ပြသွားပါတယ်။

သတင်း မီဒီယာ သမားတွေကို ဖမ်းဆီး ထောင်ချနေတာတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ မီဒီယာ သမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ လယ်မြေသိမ်းမှုတွေကို ကန့်ကွက် ဆန္ဒပြခဲ့ သူတွေကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆို နေတာတွေ အတွက် သူ စိုးရိမ်မိတယ်လို့ မစ္စ ယန်ဟီးလီးက ပြောပါတယ်။

နိုင်ငံရေးမှု ၊ လယ်မြေသိမ်း ဆန္ဒပြမှု တွေနဲ့ ဖမ်းဆီး ထောင်ချထားတဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ မြန်မာ အစိုးရကို မစ္စ ယန်ဟီးလီးက ပန်ကြားခဲ့ပါတယ်။

တခါ ရခိုင်ဒေသမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ တွေကို နိုင်ငံတကာ ဥပဒေ လူ့အခွင့်အရေး စံနှုန်း တွေနဲ့ အညီ နိုင်ငံသား ဖြစ်ခွင့် ရရှိရေး အတွက်လည်း မစ္စန်ဟီလီးက တိုက်တွန်း ပြောဆို သွားပါတယ်။

ဒီခရီးစဉ်က တွေ့ရှိချက်တွေကို အခုနှစ်ကုန်ပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီထံ အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။