မန္တလေး ဆူပူတိုက်ခိုက်မှု နောက်ဆက်တွဲ အန္တရာယ် ကြီးမား

  • 3 ဇူလိုင် 2014
Mandalay Unrest
မန္တလေးမှာ ဇူလိုင်လ ၃ ရက်နေ့ ညက စပြီး ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်

ပြီးခဲ့တဲ့ နှစ်ရက် အတွင်း လူနှစ်ယောက် သေဆုံးပြီး အတော် များများ ဒဏ်ရာရတဲ့ ဆူပူ တိုက်ခိုက်မှု ဖြစ်ခဲ့အပြီးမှာ မန္တလေးတိုင်း အထွေထွေ အုပ်ချုပ်ရေး အဖွဲ့က ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက် ပါတယ်။

အခု လတ်တလော မန္တလေးမှာ ဖြစ်နေတဲ့ ဘာသာရေး အသွင်ဆောင်တဲ့ ဆူပူ တိုက်ခိုက်မှုမျိုးဟာ အရင် ကလည်း ရခိုင်ပြည်နယ်နဲ့ မြန်မာ နိုင်ငံ အတွင်းက မြို့ကြီးတချို့မှာ ဖြစ်ခဲ့ဖူးပါတယ်။

အဲဒီတုန်းကလို အလားတူ အခုမန္တလေးမှာ ထပ်ဖြစ်လာခဲ့တာနဲ့ ပတ်သက်လို့ မန္တလေးက စာရေးဆရာ၊ သတင်းစာဆရာ ဦးကျော်ရင်မြင့် ကတော့ မုန်းတီးမှုကို အချိန်အတန်ကြာပျိုးယူခဲ့ပြီး တဲ့နောက် အချိန်တန်တော့ ထုတ်အသုံး ချတာလို့ မြင်ကြောင်း ဗုဒ္ဓဘာသာအိမ်တွေမှာ မွတ်ဆလင်မုန်းတီးရေး ဟောပြောတဲ့ အခွေတွေ ဖြန့်ဝေခဲ့မှု တွေကို ဥပမာပေးပြီး ပြောပါတယ်။

ဒါကို ရည်ရွယ်ချက်ရှိသူ လူတစ်စုက လုပ်နေတာလို့ လည်း သူက မြင်ပါတယ်။

မန္တလေး ဖြစ်ရပ်မှာ လူသေဆုံးမှုကြောင့် သတ်ဖြတ်ခံရသူတွေ ဘက်က နာကြည်းမှုတွေ ဒေါသ ထွက်မှုတွေကြောင့် ပေါ်ထွက်လာမယ့် အမုန်းတရား တွေနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်လာရင် ဒီပြဿနာဟာ ကြောက်စရာ ကောင်းတယ်လို့ ဦးကျော်ရင်မြင့်က ပြောပါတယ်။

ပြဿနာ ပိုကြီးထွား လာပြီး မြန်မာ နိုင်ငံ အတွင်းမှာ လူနည်းစု မွတ်ဆလင်တွေက ထိခိုက် သေကြေမှု ရှိတာကို နိုင်ငံတကာမွတ်ဆလင် အသိုင်းအဝိုင်းကြားမှာပါ မုန်းတီးမှုတွေ တိုးပွားလာရင် မတွေးဝံ့လောက်စရာ အန္တရာယ်တွေ ဖြစ်လာနိုင်တာကို စိုးရိမ်တယ်လို့လည်း သူက ပြောပါတယ်။

မန္တလေးမြို့ခံ မဟုတ်တဲ့ လူတွေက မော်တော်ဆိုင်ကယ် အစီး သုံးလေးဆယ်လောက်နဲ့ လာပြီး ပြဿနာ ဖြစ်အောင် လှုံ့ဆော်တယ်လို့ မြို့ခံ အတေယ်များများ ပြောနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ဦးကျော်ရင်မြင့်က ဒါတွေကို လုံခြုံရေး အာဏာပိုင်တွေ အနေနဲ့ တားဆီး အရေးယူရင် မရစရာ မရှိတဲ့ ကိစ္စလို့ သူမြင်ကြောင်း ပြောပါတယ်။

တိုက်ခိုက်မှုတွေ ဖြစ်ပြီးတဲ့နောက် မန္တလေး မြို့ခံ နှစ်ဘက် အသိုင်းအဝိုင်းကြားမှာ စိုးရိမ်မှုတွေ တိုးပွားနေပါတယ်။

လူနည်းစု ဖြစ်တဲ့ မွတ်ဆလင် အသိုင်းအဝိုင်းက တချို့ ကတော့ သူတို့ အန္တရာယ်ကို စိုးရိမ်တဲ့ အတွက် မန္တလေးကနေ တခြားနေရာတွေဆီ ရှောင်တိမ်း နေကြပါတယ်။

မွတ်ဆလင် ခေါင်းဆောင်တွေ ကလည်း အခု ဖြစ်တဲ့ ကိစ္စဟာ လူမျိုးရေး ဘာသာရေး ပြဿနာ မဟုတ်ဘဲ ပြဿနာဖြစ်စေချင်သူ တစ်စုရဲ့ အစီအစဉ်တကျ ဖန်တီးမှုတစ်ခုလို့ မြင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ