တောင်တရုတ် ပင်လယ်ရေး အာဆီယံ စိုးရိမ်

  • 10 မေ 2014
အာဆီယံထိပ်သီးညီလာခံ ပထမနေ့

နေပြည်တော်မှာ ပထမဆုံး ကျင်းပ နေတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး ပထမနေ့မှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေး ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို နိုင်ငံရေး ပြဿနာတွေ ဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး မတက်ရောက် နိုင်ဘဲ သူရဲ့ ကိုယ်စားလှယ်သာ တက်ရောက် ခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင် ဗီယက်နမ် နိုင်ငံနဲ့ တရုပ် နိုင်ငံ ကြား လောလောဆယ် တင်းမာမှု တွေရှိနေတဲ့ တောင်တရုတ် ပင်လယ် အရေး ကို ဆွေးနွေး ခဲ့ကြပြီး အခုလို တင်းမာမှုတွေ အရှိန်မြင့် လာနေတဲ့ အပေါ် စိုးရိမ် မကင်း ဖြစ်ကြောင်း နဲ့ ပါဝင် ပတ်သက် နေတဲ့ နိုင်ငံ တွေကို ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ တိုက်တွန်းကြောင်း အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး တွေရဲ့ သဘော တူညီချက် တစောင် ထုတ်ပြန် ခဲ့ပါတယ်။

ဒါ့အပြင် အစည်းအဝေး မှာ မြန်မာ နဲ့ အင်ဒိုနီးရှား နိုင်ငံကြား ဗီဇာ ကင်းလွတ်ခွင့်ကို သဘောတူ လက်မှတ်ထိုး နိုင်ခဲ့ကြပါတယ်။

နောက်ပြီး ၂၀၁၅ မှာ စမယ့် အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း အကောင်အထည် ဖော်နိုင်ရေးမှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီး ၈၀ ရာခိုင်နှုန်း နီးပါး အသင့် ဖြစ်နေပြီလို့ အာဆီယံ အတွင်း ရေးမှူးချုပ် လီယောင်မင် ကပြောပါတယ်။

မနက်ဖြန် ကျင်းပမယ့် အာဆီယံ လူထုဖိုရမ်အတွက် ရွေးထားတဲ့ ကိုယ်စားလှယ် တွေ ကန့်ကွက် ခံရလို့ ကျန်တဲ့ ၇ နိုင်ငံက ကိုယ်စားလှယ်တွေ မတက်တဲ့ အတွက် အစီအစဉ် ပျက်သွားတယ် လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဒီနေ့ ညနေပိုင်း မှာ သတင်း ထုတ်ပြန်ပါတယ်။

မနက်ဖြန် မနက်ပိုင်း မှာတော့ အာဆီယံ ထိပ်သီး အစည်းအဝေး တရားဝင် ဖွင့်ပွဲ ကျင်းပဖို့ ရှိသလို သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောဖို့လည်း ရှိနေပါတယ်။