ကြိုပွိုင့်စနစ်နဲ့ ပဲကုမ္ပဏီ ပြဿနာပေါ်

  • 5 မေ 2014
အစိုးရနဲ့ မြန်မာနိုင်ငံ ပဲနှမ်းအသင်းက တားထားတဲ့ကြားက ကြိုပွိုင့်စနစ်နဲ့ ပဲအရောင်းအဝယ်တွေ ပြန်လုပ်နေခဲ့ကြ

မြန်မာနိုင်ငံထဲက ပဲကုမ္ပဏီကြီး တစ်ခုက ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေနဲ့ ကြိုပွိုင့်စနစ်နဲ့ အရောင်းအဝယ် လုပ်ထားပြီး အခုအခါ ဈေးနှုန်းတွေ မြင့်တက်သွားတဲ့အတွက် မဖြေရှင်းနိုင်တော့တာကြောင့် ပဲအသင်းနဲ့ တာဝန်ရှိသူတွေ ဖြေရှင်းပေးဖို့ အကူအညီ တောင်းထားတယ်လို့ သိရပါတယ်။

ဒီကုမ္ပဏီဟာ ပဲတွေကို ကြိုပွိုင့်စနစ်နဲ့ ကျပ် သိန်းသောင်းချီ အရောင်းအဝယ် လုပ်ထားချိန်မှာ ပဲဈေးနှုန်းတွေ တစ်တန်ကို ကျပ်တစ်သိန်းနီးပါး မြင့်တက်သွားတာကြောင့် အခုလို ပြဿနာ ဖြစ်ခဲ့ရတာပါ။

ပဲလောကမှာ ကြိုရောင်း ကြိုဝယ်ကြောင့် ပြဿနာ ဖြစ်ရတာဟာ အခုမှ မဟုတ်ပဲ အရင်ကလည်း ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

၂၀ဝ၈ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်တွေတုန်းကလည်း ပဲလောကမှာ ငွေကြေး ပြဿနာတွေ ပေါ်ပေါက်ခဲ့ပြီး ပဲကုန်သည် ကြီးတွေအနေနဲ့ ကျပ်ဘီလီယံပေါင်း များစွာ အရှုပ်အရှင်း လုပ်ခဲ့တာကြောင့် လအတန်ကြာ ပဲဈေးကွက် ပျက်သွားခဲ့ရဖူးပါတယ်။

အစိုးရကရော၊ မြန်မာနိုင်ငံ ပဲနှမ်း အသင်းကပါ တားထားတဲ့ကြားက နောက်ပိုင်းမှာ ကုန်သည်တွေက ဒီကြိုပွိုင့်စနစ်ကို ပြန်လုပ်နေခဲ့ကြတာပါ။

ဒီသတင်းကြောင့် ရန်ကုန်သာမက နယ်မှာ ရှိတဲ့ ပဲဈေးကွက်တွေကိုပါ ရိုက်ခတ်သွားပြီး နယ်က ပဲစိုက်ပျိုးသူ တောင်သူတွေအထိပါ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။

အခု ဒီကုမ္ပဏီကတော့ အရင် ပြဿနာတက်တဲ့ ကုမ္ပဏီ တချို့လို ထွက်မပြေးပဲ မြန်မာနိုင်ငံ ပဲနှမ်း အသင်းကို ပိုင်ဆိုင်မှုတွေ ထိုးအပ်ပြီး ပြဿနာ ရှင်းပေးဖို့ အကူအညီ တောင်းခံခဲ့တာပါ။

အခုအခါ ဒီကိစ္စကို ကုန်သည် စက်မှုအသင်းနဲ့ စီးပွား ကူးသန်း ဝန်ကြီးဌာန တို့ကပါ ဝိုင်းဝန်း ဖြေရှင်းပေးဖို့ လုပ်နေပါတယ်။

ပဲ ဝယ်ယူတဲ့ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ပဲအရောင်းအဝယ် လုပ်တဲ့ ပြည်တွင်း ကုမ္ပဏီတွေအကြား လက်တွေ့ လိုက်နာနိုင်တဲ့ အရောင်းအဝယ် စနစ် တခု တည်ဆောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ မြန်မာနိုင်ငံ ပဲနှမ်း အသင်း အတွင်းရေးမှူး ဦးမင်းကိုဦး က ဘီဘီစီကို ပြောပါတယ်။