BBC navigation

လူကုန်ကူးမှုခံရသူ စောင့်ရှောက်ရေး စခန်းဖွင့်

နောက်ဆုံး ရေးသားချိန် 25 ဧပြီလ 2014 - 00:44 GMT
_bbc_304x171_bbc

လူကုန်ကူးမှု နှိမ်နင်းရေး ရဲမှူးချုပ် ဝင်းနိုင်ထွန်း

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် မှာ လူကုန်ကူးခံရသူတွေ အတွက် ယာယီ စောင့်ရှောက်ရေး စခန်း ကို ဧပြီလ ၂၄ ရက်နေ့ မနက် က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဦးဝင်းနိုင်ထွန်း နဲ့ ဂျပန် သံရုံးမှ မစ္စတာ တိုမီယိုကာ တို့ က အခန်းအနား နဲ့ တကွ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးပါတယ်။

လူကုန်ကူးခံရသူတွေ ကို ကယ်တင် အပြီး၊ မိဘ ဆွေမျိုးတွေဆီ ပြန်မရောက်ခင် ၊ ယာယီ နေထိုင်ဖို့၊ အမျိုးသမီး၊ အမျိုးသား ၅ဝ ဦးရေ ဆန့်တဲ့ အိမ်ယာ၊ စားသောက်ခန်းတွေ ပါဝင်တဲ့ စခန်း ကို ဂျပန် နိုင်ငံ အသေးစား စီမံကိန်းများ စွမ်းဆောင်ရေး အဖွဲ့က FEC ၁၂၈၉၉ အကုန်အကျခံပြီး၊ ဆောက်ပေးခဲ့တာပါ။ နောက်ထပ် မြဝတီ မြို့ အပြင်၊ နယ်စပ်ဒေသ တွေ မှာလည်း ဆောက်လုပ်ပေးမယ့် အကြောင်း မစ္စတာ တိုမီယိုကာ က ပြောပါတယ်။

လူကုန်ကူးမှု တားဆီးရေး ဆောင်ရွက်ချက်တွေ ကို အထိရောက်ဆုံး ဆောင်ရွက်သွားမှာ ဖြစ်သလို၊ လူကုန်ကူး ခံရသူတွေ အတွက်၊ နစ်နာ ဆုံးရှုံးမှုတွေ၊ လူ့ အခွင့်အရေး ချိုးဖေါက်ခံရမှု တွေ ကို အတတ်နိုင်ဆုံး ဖြေရှင်းသွားမယ့် အကြောင်း၊ နှစ် အလိုက် ဆောင်ရွက်ပေးခဲ့ တာတွေ ကိုလည်း နေပြည်တော် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောဝင်း ကလည်း ပြောပါတယ်။ ၂ဝ၁၂ ကနေ ၂ဝ၁၄ ခုနှစ် အထိ လူကုန်ကူး ခံရသူ ၁၅ဝ နီးပါး ကို ကူညီစောင့်ရှောက် ခဲ့ရကြောင်း၊ လက်ရှိ အနေအထားအရ ထိုင်းနိုင်ငံ အတွင်းမှ လူကုန်ကူး ခံရသူတွေ ကို ကယ်ထုတ်ဖို့ ရှိနေပြီး၊ ထိုင်းအာဏာပိုင်တွေ နဲ့လည်း ညှိနှိုင်း နေဆဲ ဖြစ်ကြောင်း ရှင်းပြပါတယ်။

လူကုန်ကူးသူတွေ ဟာ ထိုင်းနိုင်ငံ ဘက် ကို၊ ပွဲစားက တဆင့် ပို့ကြတဲ့ အတွက် အခု နောက်ပိုင်း မှာ ထိုင်း၊ မြန်မာ နှစ်နိုင်ငံ စလုံး မှာ လူကုန်ကူးမှု တားဆီးရေး စခန်းတွေ ဖွင့်ထားပြီး ပူးပေါင်း ဆောင်ရွက်မှု ရှိတဲ့ အတွက် လျော့ကျတဲ့ အပိုင်း တွေ့ရပါတယ်။ တရုတ်နိုင်ငံ ဘက် သွားတဲ့၊ လူကုန်ကူးမှု ပြဿနာ တွေ ကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။