BBC navigation

ဦးဝင်းတင် ရဲ့ ကျန်းမာရေး

နောက်ဆုံး ရေးသားချိန် 18 ဧပြီလ 2014 - 16:49 GMT
Daw Suu at U Win Tin's bed side

ဒေါ်အောင်ဆန်းစုကြည်လည်း လာသတင်းမေး (ဓာတ်ပုံ-ကိုကြည်တိုး)

ရန်ကုန်ဆေးရုံကြီး အရေးပေါ် ကုသဆောင်မှာ တက်ရောက်ကုသမှု ခံယူနေရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့၀င် သတင်းစာဆရာကြီး ဦး၀င်းတင်ရဲ့ ကျောက်ကပ် ပုံမှန် အလုပ်မလုပ်တော့တဲ့ အတွက် သောကြာနေ့ ည မှာပဲ ဆရာ၀န်ကြီးတွေက အရေးပေါ် ကျောက်ကပ်ဆေးကြောမှု ပြုလုပ်ပေးခဲ့ကြတာ အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့တယ် လို့ သူ့ကို ပြုစုစောင့်ရှောက် ပေးနေသူ တယောက် က စနေနေ့ မနက်က ဘီဘီစီ ကို ပြောပါတယ်။

ဧပြီလ ၁၅ ရက်နေ့လောက်ကစပြီး ဆီးသွားမှု ရုတ်တရက်နည်းလာရာက သောကြာနေ့မှာ တော်တော်လေးနည်းသွားတဲ့ အတွက် ကျောက်ကပ် ရုတ်တရက် ပျက်စီးသွားတယ်လို့ ဆရာဝန်တွေက ယူဆကြပါတယ်။

သဘာဝ အတိုင်း အညစ်အကြေးမစွန့်နိုင်တဲ့ အတွက် ချက်ချင်း ကျောက်ကပ် ဆေးကြောဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ပြီး ဦးဝင်းတင် ကိုယ်တိုင်ရဲ့ သဘောတူညီချက်နဲ့ ချက်ခြင်းပဲ ကျောက်ကပ် ဆေးကြောဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဦးဝင်းတင်ရဲ့ မိသားစု ဆရာဝန် ဒေါက်တာ မြင့်သိန်းက ပြောပါတယ်။

ကျောက်ကပ် ဆေးကြောတဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာ တွေ ရှိပေမယ့် ဒီအတိုင်းထားရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အတွက်ကြောင့် ဒီလမ်းကြောင်းကိုပဲ ရွေးလိုက်တယ်လို့ သူက ဆိုပါတယ်။

မိသားစု ဆရာ၀န်ကြီးကတော့ ကျောက်ကပ်ဆေးကြောမှု ပြီးစီးသွားချိန်ကစလို့ ၄၈ နာရီ အရေးတကြီး စောင့်ကြည့်ဖို့လိုတယ်လို့ ပြောပါတယ်။

ဦးဝင်းတင်ကို သောကြာနေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ် လာရောက် ကြည့်ရှု သတင်းမေးမြန်းခဲ့ပါတယ်။

ဆရာကြီး ဦးဝင်းတင်ကို ချစ်ခင်လေးစားသူတွေဟာ ရန်ကုန်ဆေးရုံကြီးရှေ့ကို လာရောက် စောင့်စားနေကြပြီး သူပြန်လည်နေကောင်း ကျန်းမာလာရေးအတွက် ဆုတောင်းပေးနေခဲ့ကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။