BBC navigation

အီရန်ရဲ့ ကုလ သံတမန်ကို အမေရိကန် ဗီဇာငြင်း

နောက်ဆုံး ရေးသားချိန် 11 ဧပြီလ 2014 - 23:05 GMT
Iran

မစ္စတာ အဘိုတာလေဘီက သံရုံးစီးနင်းမှု သူနဲ့ မပတ်သက်ဘူး လို့ဆို

၁၉၇၉ ခုနှစ် တုန်းက တီဟီရန် မြို့မှာ ရှိတဲ့ အမေရိကန် သံရုံးကို ဝင်စီး ခဲ့တဲ့ အဖွဲ့နဲ့ ပတ်သက် နေတယ် ဆိုပြီး အီရန် နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ သံတမန်သစ် အဖြစ် ခန့်အပ် လိုက်တဲ့ Hamid Abutalebi ကို အမေရိကန် ပြည်ထောင်စုက ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးဖို့ ငြင်းပယ် လိုက်ပါတယ်။

အဲဒီ တုန်းက အီရန်နိုင်ငံ မြို့တော်တီဟီရန်မှာ ရှိတဲ့ အမေရိကန် သံရုံးကို အစ္စလာမ္မစ် စစ်သွေးကြွ ကျောင်းသား အဖွဲ့တခုက ဝင်ရောက် စီးနင်း ခဲ့ပြီး အမေရိကန် လူမျိုး ၅၂ ယောက်ကို သံရုံးထဲမှာ ဓါးစာခံတွေ အဖြစ် ၄၄၄ ရက်ကြာ ဖမ်းဆီး ထားခဲ့စဉ်က မစ္စတာ ဟာမစ်ဒ် အဘူတာလေဘီ ဟာ အဲဒီအဖွဲ့ ထဲမှာ ပါခဲ့တယ် လို့ အမေရိကန် တို့က ဆိုနေပါတယ်။

တော်လှန်ရေး လုပ်ခဲ့တဲ့ ကျောင်းသား တယောက်ကို သံအမတ် အဖြစ် ခန့်အပ် တာ လက်တွေ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး လို့ အမေရိကန် ဖက်က ပြောပါတယ်။

သူ့ကို ဗီဇာမပေးဖို့ အမေရိကန် ကွန်ဂရက် ကရော၊ ဆီးနိတ် လွှတ်တော် ကပါ အတည်ပြု ပြီးသွား ပါပြီ။

သမ္မတ အိုဘားမားက ဒါကို ဥပဒေအဖြစ် လက်မှတ်ထိုးဖို့သာ ကျန်ပါ တော့တယ်။

အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျေးကာနေး က မစ္စတာ အဘို တာလေဘီကို ဗီဇာ ထုတ်ပေးမှာ မဟုတ်ဘူး ဆိုတာကို ကုလသမဂ္ဂ ကိုရော၊ အီရန် အစိုးရကိုပါ အကြောင်းကြား ပြီးပြီလို့ ပြောပါတယ်။

အမေရိကန် လွှတ်တော် တွေရဲ့ သဘောထား အတိုင်း သူတို့လည်း ထင်မြင်တဲ့ အကြောင်း ပြောပါတယ်။

မစ္စတာ ဟာမစ်ဒ် အဘူတာလေဘီ ကတော့ သူဟာ အဲဒီအချိန် တုန်း က ကျောင်းသားတွေ အတွက် ဘာသာပြန် တာကို နောက်ပိုင်းကျမှ ဝင် လုပ်ပေးခဲ့ တာသာ ဖြစ်ပြီး သံရုံးကို စီးနင်းတဲ့ အဖွဲ့ထဲမှာ မပါဘူးလို့ ပြောပါတယ်။

အီရန် အစိုးရ ကလည်းသူဟာ ကျွမ်းကျင်တဲ့ ဝါရင့်သံတမန် ဖြစ်လို့ ကုလသမဂ္ဂ သံအမတ် အဖြစ်ခန့်အပ် ထားတာကို ပြန်မရုပ်သိမ်းဘူး လို့ဆိုနေ ပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂ ဌာနချုပ် ဖြစ်တဲ့ နယူး ယောက်မှာ အလုပ်လုပ်နိုင် ဖို့က အမေရိကန် တွေက ပြည်ဝင်ခွင့် ပေးမှ ဖြစ်နိုင် မှာပါ။

အရင်က ဒါမျိုး ကုလသမဂ္ဂ သံတမန်တွေကို အမေရိကန်က ဗီဇာ ငြင်းပယ်ခဲ့ တာမျိုး မရှိဘူးလို့ ယူဆ ရတာကြောင့် မစ္စတာ အဘူတာလေဘီ ကို ပြည်ဝင်ခွင့် ငြင်းပယ် လိုက်တဲ့ အဖြစ် အပျက်ဟာ အစဉ်အလာ တခုကို စလိုက်သလို ဖြစ် သွားမှာကို သံတမန် တွေက စိုးရိမ် နေကြ ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။