BBC navigation

သန်းခေါင်စာရင်း ဒုတိယနေ့မှာ အချို့ကို ချန်လှပ်ရ

နောက်ဆုံး ရေးသားချိန် 31 မတ်လ 2014 - 16:27 GMT

၈၃ ခုနှစ် သန်းခေါင်စာရင်းထက် ပိုပြည့်စုံနိုင်မယ်လို့ ဆို

သန်းခေါင် စာရင်းကို ဒုတိယနေ့ အဖြစ် ကောက်ခံရာမှာ နယ်စွန်နယ်ဖျား တချို့နဲ့ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင် တချို့ကို မကောက်ဘဲ ချန်လှပ်ခဲ့ရပါတယ်။

ကရင်ပြည်နယ်က ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်မဟာ ၅ ထိန်းချုပ်ထားတဲ့ ဖာပွန်မြို့နယ်နဲ့ တပ်မဟာ ၂ ထိန်းချုပ်ထားတဲ့ သံတောင်၊ ညောင်လေးပင် အတွင်းကျတဲ့ နေရာတွေမှာ သန်းခေါင်စာရင်း ကောက်ခွင့် မပြုဘူးလို့ ကြားသိရပါတယ်။

အများစုက လက်တွဲကောက်ဖို့ သင်တန်းတွေ ပေးထားပေမယ့် တချို့ ဝေးလံ ခေါင်သီတဲ့ တောင်ပေါ် နေရာတွေမှာ ကောက်ဖို့ အခက်အခဲ ရှိကောင်း ရှိနိုင်တယ်လို့ ကေအန်ယူ ဗဟို အလုပ်အမှုဆောင် ပဒို မန်းငြိမ်းမောင်က မှတ်ချက်ချ ခဲ့ပါတယ်။

ကချင်ပြည်နယ်မှာတော့ ကေအိုင်အို ထိန်းချုပ်တဲ့ နယ်မြေမှာ သန်းခေါင်စာရင်း ကောက်လို့ မရပါဘူး။

ရခိုင်ပြည်နယ် မောင်တောမြို့နဲ့ စစ်တွေမြို့က အစ္စလာမ် ဘာသာဝင်တွေက ရိုဟင်ဂျာ လူမျိုးလို့ ပြောတဲ့အတွက် သန်းခေါင်စာရင်း မကောက်ဘဲ ချန်ခဲ့တယ်လို့ မောင်းတောနဲ့ စစ်တွေမြို့ခံတွေက ပြောပြပါတယ်။

ရန်ကုန်မြို့မှာ မနေ့တုန်းကတော့ ရိုဟင်ဂျာ လူမျိုးအဖြစ် သန်းခေါင်စာရင်းမှာ ရေးသားခွင့် ပြုခဲ့ပေမယ့် ဒီကနေ့မှာတော့ ရိုဟင်ဂျာ အမည်နဲ့ ကောက်ခံခြင်း မရှိဘူးလို့ မင်္ဂလာတောင်ညွန့်က အစ္စလာမ် ဘာသာဝင် တစ်ဦးက ပြောပါတယ်။

၂၀၁၄ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ခံနေမှုမှာ ကောက်လို့မရတဲ့ နေရာတချို့ ရှိပေမယ့် နောက်ဆုံး ကောက်ခဲ့တဲ့ ၈၃ ခုနှစ်ကထက် ပိုပြီးပြည့်စုံတဲ့ သန်းခေါင်းစာရင်း ဖြစ်နိုင်မယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။

သန်းခေါင်စာရင်း ကောက်ခံလို့ မရတဲ့ နေရာတွေနဲ့ လူအရေအတွက် ခန့်မှန်းခြေကို ထုတ်ပြန် ကြေညာတဲ့အခါ ထည့်သွင်း ဖော်ပြသွားမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။