စစ်တွေ မငြိမ်သက်မှု လူစုခွဲရာ တစ်ယောက် သေဆုံး

  • 27 မတ် 2014
NGOs from Sittwe arrive at Rangoon Airport
စစ်တွေက ပြန်လာတဲ့ အန်ဂျီအို အဖွဲ့တွေ ရန်ကုန်လေဆိပ်ကို ရောက်လာ

စစ်တွေ မြို့မှာ ဖြစ်ခဲ့တဲ့ မငြိမ်မသက် ဖြစ်မှုကြောင့် ရဲတွေက ခြောက်လှန့် ပစ်ခတ် လူစုခွဲရာမှာ အသက် ၁၁ နှစ် အရွယ် ကလေးမ တစ်ယောက် သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။

စစ်တွေမြို့က အန်ဂျီအို ဝန်ထမ်း နိုင်ငံခြားသူ အမျိုးသမီးက သာသနာ့ အလံကို မဖွယ်မရာ ပြုလုပ်တယ် ဆိုပြီး အန်ဂျီအို ရုံးတွေကို စစ်တွေ ဒေသခံ တွေက ခဲတွေ တုတ်တွေနဲ့ ဝိုင်းဝန်း ဖြိုဖျက် တိုက်ခိုက်ခဲ့ ပြီးတဲ့နောက် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ထား ပါတယ်။

တိုက်ခိုက်သူ တွေဟာ အုပ်စုလိုက် အဖွဲ့တွေခွဲပြီး တိုက်ခိုက် ခဲ့တာကို ထိန်းသိမ်းဖို့ ခက်ခဲတဲ့ အတွက် ညမထွက်ရ အမိန့် ထုတ်ပြန်ရတာ ဖြစ်တယ်လို့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက ဘီဘီစီကို ပြောပါတယ်။

မတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့က စတင် ဖြစ်ခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုဟာ ည ၁၂ နာရီ အကျော်ထိ ထိန်းမနိုင် သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့က သေနတ်တွေ မိုးပေါ်ထောင်ပစ်ပြီး လူစု ခွဲခဲ့ရ ပါတယ်။

နောက်တစ်နေ့ ကြာသပတေးနေ့ မှာလည်း မကျေနပ်တဲ့ သူတွေက မနက်ပိုင်း ကနေ ညနေပိုင်း အထိ အန်ဂျီအို တွေရဲ့ နေအိမ်တွေကို တိုက်ခိုက် ခဲ့ကြတဲ့ အတွက် အန်ဂျီအို ရုံး အတော် များများ ပျက်စီး သွားခဲ့ရ ပါတယ်။

လောလောဆယ် နိုင်ငံခြားသားတွေ အပါအဝင် အန်ဂျီအို ဝန်ထမ်းတွေကို အာဏာပိုင်တွေက မနက်ပိုင်း အထိ ရဲစခန်းမှာ ခေါ်ယူ ထားတယ်လို့ ရဲစခန်းကို ရောက်ရှိတုန်း အန်ဂျီအို မြန်မာ ဝန်ထမ်း တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ရုန်းရင်း ဆန်ခတ်မူတွေ ဖြစ်ပွားခဲ့တဲ့ အတွက် စစ်တွေမှာ ဈေးတွေနဲ့ ဆိုင်ခန်း တွေကို ပိတ်ထားခဲ့ရ ပါတယ်။

ဒါပေမဲ့ ကုလ သမဂ္ဂ ဘက်ကတော့ သာသနာ့ အလံကို အန်ဂျီအို ဝန်ထမ်းက မဖွယ်မရာ ပြုလုပ်တယ်ဆိုတာဟာ မှန်ကန်မှု မရှိဘူး၊ ကောလ ဟာလ ပြောကြတာလို့ ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်မှာ ရှိတဲ့ အမေရိကန် သံရုံးက အခု လတ်တလော ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။