အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွေ ကျင်းပ

  • 8 မတ် 2014
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက် ချီတက်ခဲ့ကြ

မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ကမ္ဘာတဝှမ်းမှာ ကျင်းပခဲ့ ကြသလို မြန်မာနိုင်ငံတွင်းက မြို့ကြီး အတော် များများမှာလည်း အခမ်းအနားတွေ ကျင်းပပြီး အမျိုးသမီးတွေ ဘဝ မြှင့်တင်ရေးနဲ့ အမျိုးသမီး တွေအပေါ် အကြမ်းဖက်မှု ကင်းဝေးရေးတွေ အတွက် ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အဆင့် အခမ်းအနားမှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အမျိုးသမီး အခွင့်အရေးအကြောင်းတွေ ဟောပြောသွားခဲ့ပြီး အမျိုးသမီး များ အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ အပြီးသတ် ရေးဆွဲနိုင်ဖို့ ခန့်မှန်းထားကြောင်း ပြောသွားပါတယ်။

ပြည်ပအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံနဲ့ ပြည်တွင်းက အဖွဲ့ဖြစ်တဲ့ အမျိုးသမီးများ ကွန်ယက်တို့ ကလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ရန်ကုန်မြို့မှာ ပူးတွဲ ကျင်းပခဲ့ရာမှာ အမျိုးသမီးထု အနေနဲ့ နိုင်ငံရေးမှာ သော်လည်း ကောင်း၊ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေမှာ သော်လည်းကောင်း၊ ဝင်ရောက် ဆွေးနွေးခွင့် ရရုံသာမက ဆုံးဖြတ်ချက် ချနိုင်ခွင့် ရတဲ့အထိ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အမျိုးသမီးတွေ တန်းတူ ညီမျှ အခွင့်အရေး ရမှုဟာ သာတူညီမျှမှုနဲ့ အခြေခံ လူ့အခွင့်အရေး ကိစ္စရပ်သာမက ကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း တန်းတူညီမျှမှုပေါ်မှာ မူတည်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သဝဏ်လွှာ ထဲမှာ ဖေါ်ပြထားပါတယ်။

ကျားမ တန်းတူ ညီမျှမှု မြင့်မားတဲ့ နိုင်ငံတွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကောင်းမွန်စွာ ရပြီး အမျိုးသမီး ခေါင်းဆောင် အများစု ပါဝင်တဲ့ စီးပွားရေး လုပ်ငန်းတွေဟာလည်း လုပ်ငန်းတွေ ပိုမိုအောင်မြင်တာ တွေ့ရကြောင်း၊ အမျိုးသမီးတွေ ပါဝင်မှုနဲ့ ဆောင်ရွက်ထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီ ချက်တွေဟာ ပိုခိုင်မာကြပြီး အမျိုးသမီး ကိုယ်စားလှယ် အများစု ပါဝင်တဲ့ လွှတ်တော်တွေမှာ ကျန်းမာရေး၊ ပညာရေး၊ ခွဲခြားမှု ပပျောက်ရေးနဲ့ ကလေးသူငယ် ကူညီထောက်ပံ့ရေးတွေလို အရေးကြီးတဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက် တဲ့ ဥပဒေ ပြဌာန်းချက်တွေကို ပိုမို ဆောင်ရွက်နိုင်တယ်လို့ မစ္စတာ ဘန်ကီမွန်းရဲ့ သဝဏ်လွှာထဲမှာ ဖေါ်ပြထားပါတယ်။