ချင်း ဇိုမီး သတ်မှတ်မှု ကွဲပြားနေဆဲ

  • 20 ဖေဖော်ဝါရီ 2014
chin
မျိုးနွယ်စု အလိုက် ဝတ်စားဆင်ယင်မှု ကွဲပြား

ဒီနေ့ ဖေဖော်ဝါရီ ၂ဝ ရက်နေ့ဟာ ချင်းအမျိုးသား နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနောက်ဘက် တောင်တန်း တွေမှာ နေထိုင် ကြတဲ့ ချင်းမျိုးနွယ်စု တွေရဲ့ အမျိုးသားနေ့ ကို ဇိုမီး အမျိုးသားနေ့ အဖြစ် သတ်မှတ် ကျင်းပ လိုသူတွေ လည်း ရှိနေကြပါတယ်။

မတ်လမှာ ကောက်ခံမယ့် သန်းခေါင် စာရင်းမှာ ဇိုမီး အဖြစ် သတ်မှတ် ကောက်ခံဖို့ ဆန္ဒပြုတဲ့ ပါတီ အဖွဲ့အစည်းတွေ လည်း ရှိပါတယ်။

ချင်းမျိုးနွယ် တို့ရဲ့ အမျိုးသားရေး လက္ခဏာ စာအုပ် ပြုစုခဲ့တဲ့ ဒေါက်တာ ဆလိုင်း လျံမုန်း ကတော့ ချင်းဆိုတာ ဗမာက စခေါ်တာ မဟုတ်ဘဲ တိဘက်က ရွှေ့ပြောင်း လာတည်းက ခေါ်ခဲ့တဲ့ အထောက် အထား တွေ ရှိတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ တဘက်မှာလည်း ဇိုမီး သုံးစွဲမှုကို ပိုလိုလားသူတွေ ချင်းပြည်နယ် မြောက်ပိုင်းမှာ ရှိနေပါတယ်။ ချင်း လို့ ဆက်ခေါ် သူတွေဟာ ဗဟို အစိုးရ ပေးတဲ့ နိုင်ငံရေး ရပိုင်ခွင့်တွေ မစွန့်လွှတ် လိုသူတွေလို့ သူတို့က ဆိုပါတယ်။

တချိန်က ချင်း နိုင်ငံရေးမှာ ပိုရှေ့ရောက်ခဲ့သူ တွေက သူတို့ မျိုးနွယ် အမည် ကို သုံးစွဲ စေလိုလို့ ဇိုမီးလို့ သုံးစွဲဖို့ တိုက်တွန်း နေတာ လို့ ဒေါက်တာ ဆလိုင်း လျံမုန်း က ပြောပါတယ်။

ခုလို မျိုးနွယ်စုတွေကြား ဝိဝါဒ ကွဲနေရ တာတွေက ဘုံလူမျိုးစု လက္ခဏာ မတည်ဆောက် နိုင်ခင်မှာ ဗြိတိသျှက နယ်ပယ် ခွဲခြား သိမ်းပိုက်ခံခဲ့ရလို့ ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ ၃ နိုင်ငံ နယ်နိမိတ် အတွင်း ကျရောက်တဲ့ တောင်တန်း ဒေသတွေမှာ ချင်း၊ မီဇိုး၊ ကူကီး၊ ခမီ စတဲ့ မျိုးနွယ်တွေ မှီတင်း နေထိုင်ကြပါတယ်။