မှားယွင်း ဖမ်းဆီးတရားစွဲတာဆိုပြီး ပြန်လွှတ်ပေး

  • 12 ဖေဖော်ဝါရီ 2014
ရခိုင်ပြည်နယ်မှာ အရေးခင်း တခု ဖြစ်တုန်းက မြင်ကွင်း

ရခိုင်ပြည်နယ် သံတွဲမြို့မှာ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလ ပထမအပတ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုအတွင်း ဖမ်းဆီးခံထားရတဲ့ သူတွေထဲက လူ (၇) ဦးကို မနေ့က တရားသေ ပြန်လည် လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ သံတွဲ ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ်မှာ လူ ၉၀ ကျော် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး အဲဒီအထဲက ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ သံတွဲမြို့နယ် ဥက္ကဌ ဦးမောင်ပု အပါအ၀င် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းက လူ (၇) ဦးကို သံတွဲမြို့နယ် တရားရုံးက မနေ့က တရားသေ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ခုလို လွှတ်ပေးလိုက်တဲ အထဲက လွတ်လာသူ တစ်ဦးဖြစ်တဲ့ ဦးသိန်း၀င်းက ပြောရာမှာ ဖမ်းဆီး တရားစွဲဆိုတာဟာ မှားယွင်းမှု ဖြစ်တယ်ဆိုပြီး တရားရုံးက လွှတ်ပေးလိုက်တာလို့ သူက ဆိုပါတယ်။

သူတို့ ခုနှစ်ဦးဟာ ပဋိပက္ခဖြစ်ပွားရာမှာပါ၀င်တဲ့ မွတ်ဆလင် တစ်ဦးကို တရားစွဲ မစွဲ ရဲစခန်းကို သွားရောက် မေးမြန်းရာကနေ တာ၀န် ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ ၁၈၆ နဲ့ ရဲက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အခု လွှတ်လာတဲ့သူတွေဟာ အစပိုင်းမှာ သံတွဲကနေ ကျောက်ဖြူထောင်ကို ပို့ဆောင် ထိန်းသိမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ ခံ၀န်ချက်နဲ့ အချုပ်ထဲက လွှတ်မြှောက်လာကာ ၁၅ ကြိမ်မြောက် ရုံးတင် အပြီးမှာတော့ ခုလို ကွင်းလုံး ကျွတ် လွတ်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သံတွဲထောင်ထဲမှာ အဲဒီ အမှုနဲ့ ဆက်စပ် ဖမ်းဆီးခံထားရသူ ၅၀ ကျော် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။