မြန်မာရေပိုင်နက်မှာ မီးလောင်လှေက နိုင်ငံခြားသားတွေကို ကယ်ဆယ်

  • 9 ဖေဖော်ဝါရီ 2014
မီးလောင်ပေါက်ကွဲမှုက လွတ်မြောက်လာသူတွေ

ထိုင်းနိုင်ငံ ဖူးခက်ခရိုင် က ထွက်ခွာလာတဲ့ KS ဘလူးစတားကုမ္ပဏီပိုင် စက်တပ် ရွက်လှေတစီး မြန်မာ ရေပိုင်နက်အတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလို မပေါက်ကွဲခင်အချိန်ပိုင်းလေးမှာ မြန်မာ ကင်းမွန် မီးထွန်းလှေက နိုင်ငံခြားသားတွေ အပါအ၀င် လူ(၃၃)ဦးကို ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။

အဲဒီလူတွေ မနေ့ နေ့လယ်ပိုင်း တနာရီမှာ ကော့သောင်းမြို့ မြိုမတံတားကိုရောက်လာပြီး သူတို့ကို အာဏာပိုင်တွေက ကြိုဆိုခဲ့ပါတယ်။

နိုင်ငံခြားသားတွေကို သယ်ဆောင်လာတဲ့ အပျော်စီး နှစ်ထပ်ရွက်လှေ ပုံစံ သင်္ဘောဟာ မြန်မာ ရေပိုင်နက် ဘုတ်ပြင်းမြို့နယ် ကျွန်းမဲကျွန်းအနီး လတ္တီတွဒ် ၁၁.၉နဲ့ လောင်ဂျီတွဒ် ၉၃.၃၉ မှာ ဝါယာလျှော့ဖြစ်ပြီး လှေတစီးလုံး မီးလောင် နစ်မြုပ် သွားတာ ဖြစ်ပါတယ်။

အနီးနားမှာရှိနေတဲ့ ရွှေညီအကို ကုမ္ပဏီပိုင် အဏ္ဏဝါ အမှတ်(၁) ကင်းမွန်မီးထွန်းလှေက ကယ်ဆယ်လိုက်တဲ့ အကြောင်း မြန်မာပဲ့နင်းက ပြောပါတယ်။

မီးလောင်ပြီး ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် အနားကပ်လို့မရဘဲ ရေထဲကနေ မြင်ရတဲ့လူတွေကို လှေငယ်လေးနဲ့ လိုက်လံ ဆယ်ယူခဲ့တာလို့ သူက ဆိုပါတယ်။

ဆယ်ယူနိုင်ခဲ့တဲ့သူတွေကတော့ ဖင်လန်နိုင်ငံသား(၁၈)ဦး ၊ ဂျာမနီ(၃)ဦး ၊ ဆွစ်ဇာလန် လူမျိုး(၃)ဦး ၊ သြစတြေးလျ(၁)ဦး ၊ အင်္ဂလန်(၁)ဦး နဲ့ ထိုင်း(၆)ဦး အပြင် မြန်မာဘာသာပြန်တဦးတို့ ဖြစ်ပါတယ်။

ကော့သောင်း မြို့မတံတားကို နေ့လယ်ပိုင်းမှာရောက်လာပြီး မြန်မာ လ၀ကအရာရှိနဲ့ ရဲမှူးအပါအ၀င် တာ၀န်ရှိသူတွေက ပြတ်ရှ ဒဏ်ရာရရှိသူတဦးကို ဆေးကုသပေးကာ အစားအသောက်တွေလဲ ကျွေးမွေးခဲ့ပါတယ်။

ညနေပိုင်းမှာတော့ သင်္ဘောကုမ္ပဏီ ရှိရာ ဖူးခတ် မြို့ကို ပြန်လည် ထွက်သွားခဲ့ကြောင်း သိရပါတယ်။