BBC navigation

ဒူချီရာတန်း ပဋိပက္ခမှာ သေဆုံးသူ ၄၀ ထက်မနည်း ရှိတယ်လို့ ဆို

နောက်ဆုံး ရေးသားချိန် 24 ဇန်နဝါရီလ 2014 - 01:55 GMT

ပဋိပက္ခ ဖြစ်ခဲ့တဲ့နေရာဒေသတွေကို လူမှု ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေ ဝင်ခွင့်ပြုဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို တောင်းဆို

ရခိုင်ပြည်နယ် မောင်တော မြို့နယ်က ဒူချီရာတန်း ရွာမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ဖြစ်ပွားခဲ့တဲ့ ရဲနဲ့ ဒေသခံ ရွာသား တွေရဲ့ ပဋိပက္ခမှာ လူ ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ယုံကြည်ရတဲ့ ခိုင်မာတဲ့ သတင်းတွေရရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး နာဗီ ပီလေးက ပြောလိုက်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ လူအသေအပျောက်တွေ ရှိခဲ့တာကို စိုးရိမ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး လုပ်သင့်ကြောင်းလည်း သူက ပြောပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်း တခု ဖြစ်တဲ့ Fortify Rights အဖွဲ့ကလည်း အဲဒီ ဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့ အကြောင်း ထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က ဒူချီရာတန်း ကျေးရွာမှာ ရဲနဲ့ ရွာခံတွေ ပြဿနာ ဖြစ်ခဲ့ရာက ရဲတပ်ကြပ်ကြီး တဦး ပျောက်ဆုံး ခဲ့တဲ့နောက်မှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာလို့ Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။

အစိုးရဘက်ကတော့ ဒီလို သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတာကို အစောပိုင်း ကတည်းက အခိုင်အမာ ငြင်းဆို ထားပါတယ်။

အဲဒီ ဒူချီရာတန်း ကျေးရွာမှာ ရဲနဲ့ ရွာသားတွေ ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တုန်းက ရဲတပ်ကြပ်ကြီး တဦး ပျောက်ဆုံး ခဲ့တာက လွဲလို့ လူအသေအပျောက် မရှိဘူးလို့ အစိုးရက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွာသား ၁၆ ဦးကို ခေါ်ယူ စစ်ဆေး နေကြောင်းကိုလည်း အစိုးရ သတင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ ပါဝင် ခဲ့တဲ့ ရွာသားတွေဟာ (Rohingya Solidarity Organization) RSO အကြမ်းဖက် အဖွဲ့အစည်းနဲ့ ပတ်သက်မှုတွေ ရှိတယ်လို့လည်း အစိုးရဘက်က ထုတ်ပြန် ကြေညာခဲ့ ပါတယ်။

ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်ကတော့ သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးနေတဲ့ ရွာသား အယောက် ၈၀ လောက်ရှိတဲ့ အကြောင်း ဘီဘီစီကို စောစောပိုင်းက ပြောခဲ့ပါတယ်။

အခုလို ရခိုင်ပြည်နယ် အတွင်းမှာ တိုက်ခိုက်မှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ်က ကြာသပတေးနေ့က ကြေညာချက် တခု ထုတ်ပြန် ခဲ့ရာမှာ အဲဒီ အဖြစ်အပျက် တွေနဲ့ ပတ်သက်လို့ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး လုပ်သွားဖို့ နဲ့ အဲဒီ ဒေသတွေကိုလည်း လူမှုကူညီကယ်ဆယ်ရေး အဖွဲ့တွေကို ဝင်ရောက် ခွင့် ပြုဖို့ မြန်မာအစိုးရကို တောင်းဆို လိုက်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။