BBC navigation

ရဲနဲ့ ရိုဟင်ဂျာ ပဋိပက္ခ လူသေ မသေ အငြင်းပွား

နောက်ဆုံး ရေးသားချိန် 17 ဇန်နဝါရီလ 2014 - 16:31 GMT
Rakhine State Government Spokesperson

ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်

ရခိုင်ပြည်နယ် မောင်တောမြို့က ကျေးရွာ တစ်ရွာမှာ ပျောက်ဆုံး ခဲ့တဲ့ ရဲတပ်ကြပ်ကို ရှာဖွေ စစ်ဆေးရာမှာ လူသေဆုံးမှု ရှိတယ်ဆိုတဲ့ ပြောဆိုမှု တွေကို အစိုးရ ဘက်က ငြင်းဆိုပါတယ်။

အာဏာပိုင် တွေက လောလောဆယ် ရွာသား(၈၀)ကျော်ကို ဖမ်းဆီး ထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့် ရသူက ပြောပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့က ဒူချီရာတန်း အလယ်တန်း ကျေးရွာမှာ ရွာသား ၄ ယောက်ကို ရဲက ရှာဖွေစစ်ဆေးဖို့ ကြိုးစားရာ ကနေ ရဲနဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ကြပ် ပျောက်ဆုံး ခဲ့တာလို့ ရဲဘက်က ပြောပါတယ်။

ရွာသားတွေ ကတော့ ရဲတစ်ယောက် ကျန်ရစ် ပျောက်ဆုံးနေတာ မရှိဘူးလို့ ငြင်းပါတယ်။

ရွာသား ၄ ယောက်ကို ရှာဖွေ ရတဲ့ အကြောင်း ကတော့ ပြီးခဲ့တဲ့ အပတ်က ပျောက်ဆုံး သွားတဲ့ ရိုဟင်ဂျာ ၈ ယောက်ရဲ့ အလောင်းကို တွေ့ရှိပြီး ဓါတ်ပုံရိုက်ယူ ခဲ့တဲ့ အတွက် အဲဒီလူတွေကို ရဲက လိုက်လံ ရှာဖွေ ဖမ်းဆီးဖို့ ကြိုးစားတာလို့ ရွာသားတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၃ ညနေပိုင်း ရောက်တော့ ရဲတပ်ဖွဲ့က အင်အားဖြည့်တင်းပြီး ပြန်ရောက် လာခဲ့ကြပြီး ရွာသားတွေနဲ့ နောက်ထပ် ပဋိပက္ခ ဖြစ်ပွားခဲ့ပြန်တဲ့ အတွက် ရွာသား ၈ ယောက် ထပ်မံ သေဆုံး သွားတယ်လို့ ရိုဟင်ဂျာရွာ သားတယောက်က ပြောပါတယ်။

ရွာသားတွေ ဘက်က ဒီလို စွပ်စွဲချက် တွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရ ကို မေးမြန်းကြည့်ရာမှာ ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က ဦးဝင်းမြိုင်က သေဆုံးသူ တစ်ယောက်မှ မရှိဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ရွာသား ၈၄ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာတော့ ဒူချီရာတန်း ရွာသားတွေ အားလုံး အနီးတဝိုက် ရွာတွေဆီကို ထွက်ပြေး တိမ်းရှောင် နေတယ်လို့ သိရတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။