BBC navigation

အာဆီယံ အသိုက်အဝန်းအတွက် ဆွေးနွေးကြမယ်

နောက်ဆုံး ရေးသားချိန် 17 ဇန်နဝါရီလ 2014 - 01:17 GMT

ပြည်တွင်းပြဿနာတွေကြောင့် အာဆီယံ ဥက္ကဌ ရာထူး တာဝန်ကို ထိခိုက်မှာ မဟုတ်ဘူးလို့ ဦးဝဏ္ဏမောင်လွင် ပြော

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော အစည်းအဝေးကို ပုဂံမြို့မှာ သောကြာနေ့မှာ စတင် ကျင်းပမှာ ဖြစ်ပါတယ်။

အာဆီယံ ဥက္ကဌ ရာထူးကို မြန်မာနိုင်ငံက လွှဲပြောင်း ရယူအပြီးမှာ မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပတဲ့ အစည်းအဝေး လည်း ဖြစ်ပါတယ်။

အာဆီယံ အသိုက်အဝန်း ပေါ်ပေါက်လာမယ့် ၂၀၁၅ ခုနှစ် နောက်ပိုင်း ကာလတွေအတွက် မျှော်မှန်းချက်တွေကို ချမှတ်သွားနိုင်ဖို့ ဒီတွေ့ဆုံပွဲမှာ စည်းဝေးကြမှာပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဘန်ဂါဆရီ ဘဂဝန်မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးပွဲရဲ့ ရလဒ်တွေကို ဆက်လက် အကောင်အထည် ဖော်ဖို့ကိုလည်း ဆွေးနွေးကြလိမ့်မယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ပြောပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေအကြား ဖွံ့ဖြိုး တိုးတက်မှု မညီမျှဘဲ ကွာဟမှုတွေ ဖြစ်နေတာကို နည်းပါးသွားစေဖို့ အာဆီယံအဖွဲ့ အနေနဲ့ ကြိုးစားနေတယ်လို့လည်း ဦးဝဏ္ဏ မောင်လွင်က ပြောပါတယ်။

ဒါပေမယ့် တပြိုင်နက်တည်း တပြေးညီ တိုးတက်ဖွံ့ဖြိုးလာဖို့ ကတော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြားမှာ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ တိုးတက်လာရေးကို အာဆီယံရဲ့ အဓိက တွန်းအား အဖြစ် မြှင့်တင် ဆောင်ရွက် ပေးသွားဖို့ ရည်ရွယ်ချက် ရှိတယ်လို့လည်း သိရပါတယ်။

အာဆီယံ ပဋိဉာဉ်ကို ငါးနှစ်တကြိမ် သုံးသပ်ဖို့ သဘောတူထားတဲ့အတွက် ဒီအစည်းအဝေးပွဲမှာလည်း ပဋိဉာဉ်နဲ့ ပတ်သက်တဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ဝေဖန်သုံးသပ်သွားမှာပါ။

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင် ပဋိပက္ခ ပြသနာ၊ ဘာသာရေး အခြေခံတဲ့ အဓိကရုဏ်း ပြဿနာ စတဲ့ မတည်ငြိမ်မှုတွေဟာ အာဆီယံ ဥက္ကဌ ရာထူးတာဝန် ထမ်းဆောင်တာကို အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ဘူးလို့ ဦးဝဏ္ဏမောင်လွင်က ပြောပြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။