အာဆီယံ ဥက္ကဌ အနေနဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရနိုင်

  • 15 ဇန်နဝါရီ 2014
ASEAN Myanmar
အာဆီယံ ဥက္ကဌ နေရာကို ဘရူနိုင်း နိုင်ငံမှာ လွှဲပြောင်း ရယူခဲ့

အရင်က ကမ္ဘာ့ အလယ်မှာ မျက်နှာငယ် စရာ ဖြစ်ခဲ့တဲ့ မြန်မာ နိုင်ငံက ပြုပြင် ပြောင်းလဲရေးတွေ လုပ်လာခဲ့ပြီးနောက် အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ကို ရယူလာပြီး နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ ပါလိမ့်မယ်။

ဥက္ကဌ တာဝန်ယူခဲ့ ပြီးတဲ့နောက် ပထမဆုံး အကြိမ် အာဆီယံ အရှေ့တောင် အာရှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးကို ပုဂံ မြို့မှာ ဇန်နဝါရီ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ဆွေးနွေးပွဲ အကြို အဖြစ် ညစာစားပွဲ လုပ်ခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးများရဲ့ ဆွေးနွေးပွဲ ကိုတော့ ကြာသပတေး နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

ဝန်ကြီးတွေ ဆုံကြတဲ့ အခါ ဒေသ အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးကြမယ့် အပြင် နှစ်နိုင်ငံ သဘောတူ လက်မှတ် ရေးထိုးဖို့ တွေလည်း ရှိတယ်လို့ သတင်းထောက်တွေက ခန့်မှန်း နေကြ ပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့မှာ မလေးရှားနဲ့ မြန်မာ နိုင်ငံကြား နည်ပညာပိုင်း ဆိုင်ရာ နှစ်နိုင်ငံ သဘောတူ လက်မှတ် ရေးထိုးဖို့ ရှိတယ်လို့ ပုဂံကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဆွေးနွေးမယ့် အကြောင်း အရာတွေကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေး ပေမဲ့ လာမယ့် ၂၀၁၅ မှာ စတင်မယ့် အာဆီယံ ၁၀ နိုင်ငံကြား စီးပွားရေး အသိုက် အဝန်း ASEAN Economy Community ထူထောင်ရေး ကိစ္စ၊ အာဆီယံ ပဋိညာဉ်၊ အရှေ့တီမော နိုင်ငံ အာဆီယံ အဖွဲ့ဝင်ဖြစ်ရေး စတာ တွေကို အလေးပေး ဆွေးနွေး နိုင်ကြသလို မြန်မာ နိုင်ငံ အရေးနဲ့ ပတ်သက်လို့တော့ လက်ရှိ ပြည်တွင်း ပဋိ ပက္ခတွေကို အဖွဲ့ဝင် နိုင်ငံ တွေကို ချပြ ဆွေးနွေး ဖို့ ရှိနိုင်တယ် လို့လည်း သိရပါတယ်။

တရုတ် နိုင်ငံက မြန်မာ နိုင်ငံမှာ ရင်နှီး မြှုပ်နှံမှု တွေ အများဆုံး ရှိနေချိန်မှာ တရုတ် နဲ့ အာဆီယံ နိုင်ငံတွေကြား နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ် အရေး ဘယ်လို ကိုင်တွယ်မယ် ဆိုတာကတော့ အာဆီယံ ဥက္ကဌ ဖြစ်တဲ့ မြန်မာ နိုင်ငံ အတွက် စိန်ခေါ်မှု ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။