BBC navigation

အစိုးရ ဝန်ထမ်းတွေကို လစာ နှစ်သောင်း တိုးပေးမယ်

နောက်ဆုံး ရေးသားချိန် 8 ဇန်နဝါရီလ 2014 - 15:21 GMT

လစာတိုးပေးပေမယ့် ကုန်စျေးနှုန်းတွေလည်း လိုက်တက်လာမှာကို ဝန်ထမ်းတွေ စိုးရိမ်နေ

မြန်မာနိုင်ငံမှာ နိုင်ငံတာဝန် ထမ်းဆောင်နေ ကြတဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ လစာကို ကျပ် နှစ်သောင်းစီ တိုးမြှင့် ပေးမယ်လို့ အစိုးရက ထုတ်ဖေါ် ပြောလိုက်ပါတယ်။

ဒီလို တိုးပေးတာဟာ တိုင်းပြည်ရဲ့ ဘတ်ဂျက် အခြေအနေပေါ် မူတည်ပြီး အခါအားလျော်စွာ လစာ တိုးမြှင့် ထောက်ပံ့ပေးသွားမယ် ဆိုပြီး သမ္မတ ဦးသိန်းစိန် ပြောထားတဲ့အတိုင်း အကောင်အထည် ဖော် ဆောင်ရွက်တဲ့ သဘော ဖြစ်တယ်လို့ အစိုးရဖက် က သတင်း ထုတ်ပြန် ထားပါတယ်။

အစိုးရ ဘတ်ဂျက် အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး လွှတ်တော်က အတည်ပြုရင်တော့ ၂၀၁၃ ၂၀၁၄ ဘဏ္ဍာရေးနှစ်အစ လာမယ့် ဧပြီလက စပြီး ဝန်ထမ်းတွေ လခတိုးရကြမှာ ဖြစ်ပါတယ်။

အခုလို ဝန်ထမ်းတွေ လစာတိုးဖို့ကို ပြီးခဲ့တဲ့ နှစ်က လွှတ်တော်မှာ အဆိုပြုခဲ့တာပါ။

တရားဝင် စာရင်းတွေအရ အစိုးရ ဝန်ထမ်း စုစုပေါင်း ၁၂သိန်းကျော်လောက် ရှိနေပြီး အခု လစာ တိုးပေးမယ့် ပမာဏနဲ့ ခံစားခွင့် ပေါင်းရင် အောက်ခြေ ဝန်ထမ်း တဦးဟာ ဝင်ငွေ တသိန်း နှစ်သောင်း လောက်အထိ ရလာနိုင်ပါတယ်။

ဒါပေမယ့်လည်း အစိုးရက ဝန်ထမ်းတွေကို အခုလို လစာတွေ တိုးပေးတိုင်း ကုန်စျေးနှုန်းတွေလည်း တိုးလာလေ့ ရှိတာမို့ ဝန်ထမ်းတွေဘက်ကတော့ လစာတိုးပေမယ့် အရင်လို ဒုံရင်းဘဝ ပြန်ရောက်မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။