ပြန်လွတ်လာတဲ့ အကျဉ်းစံ အမျိုးသမီးတွေ အကြောင်း

  • 3 ဇန်နဝါရီ 2014
ထောင်ထဲမှာ မွေးတဲ့ ရင်သွေးငယ်နဲ့ အတူ လွတ်မြောက်လာတဲ့ အကျဉ်းသူ

မနေ့က ထုတ်ပြန်လိုက်တဲ့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဒီကနေ့ သောကြာနေ့မှာ အကျဉ်းသား ထောင်နဲ့ချီ လွတ်လာခဲ့ပါတယ်။

အခုလို လွတ်မြောက်လာသူတွေထဲက ရာဇ၀တ်ပြစ်မှုတွေနဲ့ ထောင်ချခံခဲ့ရတဲ့ အမျိုးသမီး အကျဉ်းသူတွေလည်း အများအပြား ပါဝင်ပါတယ်။

အင်းစိန်အကျဉ်းထောင်ကနေ အမျိုးသမီး အကျဉ်းသူ (၁၆၅)ဦးအပါအ၀င် အကျဉ်းသား အများအပြား လွတ်မြောက်လာခဲ့ပါတယ်။

လွတ်မြောက်လာတဲ့ အမျိုးသမီးအကျဉ်းသူတွေထဲမှာ နှစ်လုံးထီဒိုင်ကိုင်မှု၊ ချဲမှု၊ ပြည့်တန်ဆာမှု စတဲ့ အမှုတွေနဲ့ အဖမ်းခံရပြီး ထောင်ကျခဲ့သူတွေလည်း ပါ၀င်ပါတယ်။

ပြစ်ဒဏ် လျှော့ပေါ့ပေးတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ကြောင့် အကျဉ်းသူဘ၀ကနေ လွတ်မြောက်လာတဲ့ မသန်းသန်းအေး ကတော့ အဖမ်းခံရချိန်မှာ မိမိကလေးကို ထောင်ထဲ ခေါ်ပြီး နေခဲ့ရသလို ထောင်ထဲမှာလည်း အ၀တ်လျှော်ပီး မိမိနဲ့ ကလေးဘ၀ကို ရှင်သန်ခဲ့ရတယ်လို့ ပြောပါတယ်။

အကျဉ်းသူဘ၀ကနေ လွတ်မြောက်လာတဲ့ အမျိုးသမီးတစ်ဦးကလည်း ပြည့်တန်ဆာ အမှုနဲ့ပဲ အဖမ်းခံရချိန်မှာ ကိုယ်၀န်(၃)လကျော်ရှိနေတာကြောင့် ထောင်ထဲမှာပဲ မိမိကလေးကို မွေးဖွားခဲ့ရတယ်လို့ ဆိုပါတယ်။ ထောင်ကျနေချိန်မှာ ခင်ပွန်းဖြစ်သူတွေကလည်း လာရောက်တွေဆုံခဲ့တာမရှိသလို အခုလည်း နေအိမ်ပြန်ဖို့ လမ်းစရိတ် မရှိဘူးလို့ ဆိုပါတယ်။

အခု ထောင်ကနေ လွတ်မြောက်လာတဲ့ အခါမှာလည်း ဘ၀အတွက် ဘာလုပ်ကိုင်စားကြမလဲ ဆိုတာကို သူတို့အနေနဲ့ ရေရေရာရာ မရှိသေးဘဲ ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ