ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့ မြေမြုပ်မိုင်း တွေ့

  • 29 ဒီဇင်ဘာ 2013
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ

မြန်မာ-ဘင်္ဂလား နယ်စပ်မှာ မြန်မာဘက်က ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ရှာဖွေတွေ့ရှိပြီး ဖယ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။

အခုရှာဖွေတွေရှိပြီး ဖယ်ရှားခဲ့ရတဲ့ မြေမြုပ်မိုင်းက ၃၉ လုံးတောင်ရှိတယ်လို့ ပြောပါတယ်။

တွေ့ရှိတဲ့ နေရာကတော့ မြန်မာဘက်ကဆိုရင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် ဘက်ကဆိုရင် ဘင်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီ မြို့နယ်အတွင်းက နယ်စပ်မှတ် တိုင် (၄၄) အနီး နှစ်နိုင်ငံ စည်းရိုးမျဉ်းထဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီမိုင်းတွေကို မြန်မာ လုံခြုံရေး တပ်ဖွဲ့၀င်တွေက လွန်ခဲ့တဲ့ အပတ်အတွင်းက ထောင်ထားခဲ့တာ ဖြစ်တယ်လို့ ဘင်္ဂလား အာဏာပိုင်တွေက ဆိုပါတယ်။

ဒီမြေမြုပ်မိုင်းနဲ့ပတ်သက်ပြီ ကော့စ်ဘဇားမြို့မှ အစိုးရ ရုပ်သံဌာန အကြီးအကဲ တစ်ဦးက ဒီကနေ့ထုတ်တဲ့ ဘင်္ဂလာဒေချ့် သတင်းစာတွေမှာ မြန်မာဘက်က နယ်စပ်မှာ မြေမြုပ်တွေ ထောင်နေတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ပြကြပါတယ်။

နတ်ကျောက်ဆရီမြို့ အခြေစိုက် ဘီဂျီဘီအမှတ် (၃၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ချာဖေကူလ် ရာဟာမန်ကတော့ မိုင်း ၃၉ လုံးကို ဖယ်ရှားခဲ့တာဆိုတာ ဟုတ်မှန်တယ်လို့ အတည်ပြု ပြောကြားပြီး ယခု နယ်စပ် စည်းရိုးမျဉ်းအတွင်း မိုင်းထောင်ခြင်းမှာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖေါက်ဖြစ်တဲ့ အတွက် မြန်မာဘက်ကို သတိပေး ကန့်ကွက်မူများ ပြုလုပ်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒီလိုနယ်စပ်မှာ မိုင်းထောင်တဲ့ အတွက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို သူက ပြောကြားရာမှာ အခုလို နှစ်နိုင်ငံ နယ်စပ်မှာ မြန်မာဘက်က မြေမြုပ်မိုင်းတွေ ထောင်နေတဲ့ အတွက် ဆက်ဆံရေး ကောင်းမွန် နေတဲ့ နှစ်နိုင်ငံအကြားမှာ အဖုအထစ်တွေလည်း ပေါ်ပေါက်နိုင်တယ် ဆိုပါတယ်။

မြန်မာဘက်က နယ်စပ်မှာ မိုင်းထောင်တယ်ဆိုတဲ့ သတင်းတွေ ပျောက်ကွယ်နေခဲ့တာ ၁၀ စုနှစ် တစ်ခု နီးပါး ရှိနေပြီး အခု စွပ်စွဲချက်က အသစ် ထပ်မံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင်တောခရိုင်ရဲမှူးကြီးကို ဆက်သွယ်ပေမယ့် အဆက်အသွယ် ရရှိခြင်းမရှိတဲ့ အတွက် မြန်မာဘက်က သဘောထားကိုတော့ သိရှိနိုင်ခြင်း မရှိခဲ့ပါဘူး။