အိန္ဒိယရဲ့ နယ်စပ်ဂိတ် ဆောက်မှု ကန့်ကွက်ဆန္ဒပြ

  • 27 ဒီဇင်ဘာ 2013

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒေသခံ ငါးရာ လောက်ဟာ အိန္ဒိယ မြန်မာ နယ်စပ် အငြင်းပွား နယ်မြေမှာ အိန္ဒိယ ဘက်က အဆောက် အဦး တွေ ကျူးကျော် ဆောက်လုပ် တယ် ဆိုပြီး မြန်မာ အစိုးရက အမြန် အရေးယူ ဆောင်ရွက် နိုင်ဖို့ ဆန္ဒပြ ခဲ့ကြ ပါတယ်။

ကလေး ဒေသခံ ၅၀၀ ကျော်ဟာ ကလေး မြို့လယ် ကနေ တာဟန်း မြို့သစ် ဘက်ထိ သောကြာနေ့ မနက်က လမ်းလျှောက် ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ အတိုက်ခံ ပါတီ တခု ဖြစ်တဲ့ ဘီဂျေပီ ပါတီ က တမူး၊ ကလေး ၊ မင်းကင်း မြို့နယ်တွေ ရှိတဲ့ ကဘော် ချိုင့်ဝှမ်း ဒေသကို ပြန်ယူ ပေးမယ် ဆိုပြီး မဲဆွယ် တာကို ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြ ကြတာလည်း ဖြစ်ပါတယ်။

နယ်စပ် အငြင်းပွား နေတဲ့ နေရာ ကတော့ တမူးမြို့ ပတ်ဝန်းကျင်က မိုင်တိုင် ၇၆ ပတ်ဝန်းကျင်မှာ ဖြစ်ပြီး၊ မြန်မာ ဘက်က တမူးနဲ့၊ အိန္ဒိယ ဘက်က မိုရေးမြို့ ကြား နယ်စပ် တံတား ပတ်ဝန်းကျင် ဧရိယာ ဖြစ်ပါတယ်။

အဲဒီ နယ်စပ် တံတား ပတ်ဝန်းကျင်မှာ ခြံစည်းရိုး ကာရံတာ မပြီးပြတ် သေးဘဲ တဘက်နဲ့ တဘက် အပြန်လှန် စွပ်စွဲ မှုတွေ လုပ်နေ ကြတာပါ။

အိန္ဒိယ အစိုးရဘက် ကလည်း ခြံစည်းရိုး ကာရံ တာတွေ ရပ်ပေးဖို့ တားမြစ် တာတွေ ရှိခဲ့ဘူး သလို၊ မြန်မာဘက် ကလည်း ၂ နိုင်ငံ ခေါင်းဆောင်တွေ တွေ့တဲ့ ခါတိုင်း ဆွေးနွေးလေ့ ရှိပါတယ်။

ဒီနယ်စပ် ပြဿနာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၄ ရက်က တမူး ဒေသခံ ၂ထောင် ကျော်က ဆန္ဒပြခဲ့ ကြသလို လာမယ့် ဒီဇင်ဘာ ၂၉ ရက် နေ့မှာလည်း မင်းကင်း မြို့ မှာ ဆန္ဒပြကြ ဦးမယ်လို့ သိရပါတယ်။