BBC navigation

မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်လို့ တရုတ်ကုမ္ပဏီက ပြော

နောက်ဆုံး ရေးသားချိန် 27 ဒီဇင်ဘာလ 2013 - 01:25 GMT
myitsone_dam_kachin

မြစ်ဆုံ စီမံကိန်း တနေရာ

မြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်ဆိုင်း ထားပြီး ၂ နှစ် ကျော်မှ ရှယ်ယာ အများဆုံး ပါဝင်တဲ့ တရုတ် လျှပ်စစ် ဓာတ်အား ရင်းနှီး မြှုပ်နှံမှု ကော်ပိုရေးရှင်း CPI က ကြာသပတေး နေ့က ကုမ္ပဏီရဲ့ လူမှုရေး တာဝန် ယူမှု ဆိုင်ရာ အစီရင်ခံစာကို ပထမဆုံး အကြိမ် ထုတ်ပြန် လိုက်ပါတယ်။

CPI ကုမ္ပဏီက ဒီဧရာဝတီ မြစ်ဝှမ်း ပေါ်မှာ တည်ဆောက်မယ့် မြစ်ဆုံ ရေကာတာ စီမံကိန်း ဟာလုံးဝ လုံခြုံ စိတ်ချမှု ရှိတဲ့ အပြင် နိုင်ငံတကာ စံချိန်မှီပြီး အကျိုးရလဒ် များစွာ ရှိမယ်ဆိုပြီး သူတို့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားပါတယ်။

CPI ကုမ္ပဏီဟာ နိုင်ငံတကာ စံချိန် စံညွှန်း အတိုင်း လုပ်တဲ့ ကမ္ဘာပေါ်က နာမည်ရ ကုမ္ပဏီ ၅၀၀ စာရင်း ထဲမှာလည်း ပါတယ်လို့ ကုမ္ပဏီရဲ့ မန်နေဂျာချုပ် လီကွမ်ဟာက ပြောပါတယ်။

CPI က ထုတ်ပြန်လိုက်တဲ့ အစီရင် ခံစာ ထဲမှာလည်း မြန်မာ နိုင်ငံဟာ လျှပ်စစ် ဓာတ်အား လိုအပ်ချက် ကြီးကြီး မားမား ရှိနေလို့ ဒီစီမံကိန်းကို ဆက်လက် ဆောင်ရွက် သင့်တယ်လို့ ဆိုထားတော့ ဒါဟာ မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ကြိုးပမ်းမှု တခုလို့ ပြောရမှာပါ။

မြန်မာ အစိုးရနဲ့ တရုတ် CPI ကုမ္ပဏီ တို့ ၂၀၀၇ ခုနှစ် အတွင်းက ကချင် ပြည်နယ် အတွင်းမှာ ရှိတဲ့ ဧရာဝတီ၊ မေခနဲ့ မလိခ မြစ်တွေ ပေါ်မှာ ဆည်ကြီး ၇ ခု ဆောက်ဖို့ လက်မှတ် ရေးထိုး ခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ မြစ်ဆုံ ဆည်ဟာ အကြီးဆုံး စီမံကိန်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အကျိုးသက်ရောက် မှုများ အပေါ် လေ့လာချက် အရ မြစ်ဆုံ စီမံကိန်း လုံးဝ မဆောင်ရွက်သင့်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းသူ တွေက အကြံပြုခဲ့ ကြသလို မြန်မာ ပြည်သူ လူထုရဲ့ စိုးရိမ် ပူပန် မှုတွေ အဲဒီ နောက်ပိုင်း ကာလတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့လို့ ၂၀၁၁ စက်တင်ဘာလ မှာ သမ္မတ ဦးသိန်းစိန်က စီမံကိန်းကို ရပ်ဆိုင်း ခဲ့ပါတယ်။

ဒေါ်လာ ၁ ဘီလီယံ ကျော် ရင်းနှီးမြှုပ်နှံပြီး ရေအားလျှပ်စစ် ထုတ်ယူ လုပ်ကိုင် ကြဖို့ မြန်မာ နဲ့ တရုတ် အစိုးတွေ သဘောတူ ထားခဲ့ကြပေမယ့် သမ္မတ ဦးသိန်းစိန် က သူ့လက်ထက် လုံးဝ ပြန်မစဘူးလို့ ပြောထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။