မြန်မာကုမ္ပဏီ သုံးခုနဲ့ စစ်တပ်အရာရှိ တယောက်ကို အမေရိကန် ပိတ်ဆို့ အရေးယူ

  • 18 ဒီဇင်ဘာ 2013
သမ္မတ အိုဘားမား မြန်မာခရီးစဉ် အတွင်း မိန့်ခွန်းပြော

မြန်မာ ကုမ္ပဏီ သုံးခုနဲ့ စစ်ဖက်ဆိုင်ရာ အရာရှိ တယောက်ကို မြောက်ကိုရီးယားနဲ့ လက်နက် ရောင်းဝယ်ရေးမှာ ပါ၀င် ပတ်သက်နေတဲ့ အတွက် အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူ လိုက်ပါတယ်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ စာထဲမှာ မြောက်ကိုရီးယားနဲ့ မြန်မာ ကြား လက်နက် ကုန်သွယ်မှုတွေမှာ ပါ၀င်ပတ်သက်ခဲ့တဲ့ Asia Metal ၊ စိုးမင်းထိုက် နဲ့ Excellence Mineral စတဲ့ မြန်မာ ကုမ္ပဏီ သုံးခုနဲ့ မြောက်ကိုရီးယား ဆီကနေ လက်နက် ကိရိယာနဲ့ သက်ဆိုင်ရာ ပစ္စည်းတွေ ၀ယ်ယူခဲ့မှု အတွက် Directorate of Defense Industries ( DDI ) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ညွှန်ကြားရေးမှူးရုံး ( ကကထုတ် )ကိုယ်စား စစ်တပ် အရာရှိ ဒုတိယ ဗိုလ်မှူးကြီး ကျော်ညွှန့်ဦး တို့ကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူတဲ့ စာရင်းမှာ ထည့်သွင်းလိုက်ကြောင်း ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား အပေါ်မှာ နိုင်ငံတကာက ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားတဲ့ ကြားက အထက်ပါ ကုမ္ပဏီ အဖွဲ့အစည်းတွေက လက်နက် ထုတ်လုပ်တဲ့ ပစ္စည်းတွေ မှာယူလို့ အခုလို အရေးယူတာ ဖြစ်ပါတယ်။

မြန်မာဖက်က မြောက်ကိုရီးယားနဲ့ လက်နက်ပစ္စည်းတွေ အရောင်းအဝယ် ပြုလုပ်ခဲ့တဲ့အတွက် မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေကို တိုးချဲ့လုပ်ဆောင်သွားစေနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံသားများ အနေနဲ့ အဆိုပါ ကုမ္ပဏီတွေ ၊ လူပုဂ္ဂိုလ် တို့နဲ့ စီးပွားရေး လုပ်ကိုင်မှု မပြုရန်နဲ့ သူတို့တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

အမေရိကန် အစိုးရဟာ ၂၀၁၃ ဇူလိုင်လတုန်းကလည်း ကကထုတ် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုရီးယားနဲ့ လက်နက်ရောင်း၀ယ်မှုနဲ့ ပတ်သက်ခဲ့တယ် ဆိုပြီး အရေးယူ ပိတ်ဆို့ ဒဏ်ခတ်တဲ့ စာရင်းမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။