BBC navigation

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပြီ

နောက်ဆုံး ရေးသားချိန် 11 ဒီဇင်ဘာလ 2013 - 16:17 GMT
seagames_opening_myanmar

ဆီးဂိမ်းဖွင့်ပွဲ စည်ကားစွာ ကျင်းပ

နှစ်ပေါင်း ၄၄ နှစ်ကြာမှ ပြန်လည် ကျင်းပခွင့် ရခဲ့တဲ့ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကြီးကို ဖွင့်လှစ်လိုက်ပါပြီ။

ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီက စလို့ နေပြည်တော်က ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းကြီး ထဲမှာ ကျင်းပခဲ့ ပါတယ်။

ဒီပြိုင်ပွဲ ကြီးကိုတော့ စိမ်းလန်းစိုပြေ သာယာတဲ့ သဘာဝ ပတ်ဝန်းကျင်ကို သန့်ရှင်း စင်ကြယ်မှု နဲ့ ဖန်တီးပြီး မျှတစွာ ပြိုင်ဆိုင်ရင်း နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမြင့်မားလာ စေရေး ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပတာ ဖြစ်ပါတယ်။

ဖွင့်ပွဲကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် တက်ရောက် ခဲ့ပြီး လူအင်အား ၉ ထောင်ကျော်နဲ့ ဆီးဂိမ်းစ် အမှတ်တံဆိပ် ပုံဖော်တာတွေ ၊ အလံပုံ ဖော်တာတွေကို မီးရောင်စုံတွေနဲ့ အလှဖော်သွား ခဲ့ပါတယ်။ ဖွင့်ပွဲကျင်းပတဲ့ ဝဏ္ဏသိဒ္ဓိ ကွင်းထဲကို ရောက်နေတဲ့ ပရိတ်သတ် တွေကလည်း ရင်သတ် ရှုမော ဖြစ်ခဲ့ရတယ်လို့ ဆိုကြပါတယ်။

အခုလို ကျင်းပနိုင်အောင်လည်း ၃ နှစ်ကျော် အချိန်ယူပြီး ပြင်ဆင် ခဲ့ရပြီး အခုလို ခမ်းခမ်း နားနား ဖြစ်အောင် တရုတ်နဲ့ ထိုင်း နိုင်ငံတွေက အကူအညီတွေ အများဆုံး ပေးခဲ့ကြတယ်၊ တရုပ်နိုင်ငံက ဆီးဂိမ်းစ်ကို ဖွင့်ပွဲကနေ ပိတ်ပွဲအထိ အဆင့် ၅ ဆင့် ခွဲလို့ အကူအညီတွေ ပေးထားတယ် လို့ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အဖွဲ့ချုပ် အလုပ်အမှုဆောင် ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။

အခု ဆီးဂိမ်းစ် ပြိုင်ပွဲကြီးမှာ အားကစားနည်း ၃၃ မျိုး အတွက် ရွှေတံဆိပ် ၄၆၀၊ ငွေ တံဆိပ် ၄၆၀ နဲ့ ကြေးတံဆိပ် ၆၀၀ ကျော်ကို ပေးဖို့ စီစဉ်ထားပါတယ်။

အိမ်ရှင် မြန်မာ အနေနဲ့တော့ ရွှေ ၁၀၀ ကျော် ရနိုင်ဖို့ ခန့်မှန်း ထားပြီး နိုင်ငံအလိုက် ပထမ မရတောင်မှ အဆင့် ၅ အတွင်း ဝင်နိုင်ဖို့ ခန့်မှန်း ထားကြပါတယ်။

ဒီဇင်ဘာလ ၄ ရက် က စပြီးကျင်းပ လာခဲ့တဲ့ ပြိုင်ပွဲ တချို့ကနေပြီး လတ်တလောမှာတော့ ရွှေ ၁၈ ခု ရပြီး ဖြစ်ကာ နိုင်ငံအလိုက် ဆုတံဆိပ် ရရှိမှု ဇယားမှာ ပထမနေရာမှာ ရပ်တည် နေပါတယ်။

ဒီနေ့ ဆီးဂိမ်းစ် ဖွင့်ပွဲ မကျင်းပခင်မှာတော့ အဲဒီ ဖွင့်ပွဲ အခမ်းအနားမှာ သတင်းယူဖို့ လာရောက်ကြတဲ့ ပြည်တွင်းပြည်ပက မီဒီယာ သမား တွေကြားမှာ ကွင်းထဲ ဝင်ခွင့်ရဖို့ အရေး တွေမှာ အဆင်မပြေမှု တွေကြုံခဲ့ပါတယ်။ အားကစား ကွင်းထဲ သွားမယ့် ကားပေါ်ကို ပေးမတက် တာမျိုးတွေ ဖြစ်ခဲ့တယ်လို့ အဲဒီကို ရောက်နေတဲ့ သတင်းထောက် က ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဒီပွဲပြိုင်ရဲ့ မီဒီယာ ပရောဂျက် မန်နေဂျာ မသင်းသင်းအောင် က တော့ ညပိုင်းကမှ ကပ်ပြီး လုံခြုံရေးနဲ့ နေရာ အခက်အခဲ ကြောင့် မီဒီယာ သမား ၃၀၀ ပဲခွင့်ပြုမယ်လို့ ဖြစ်လာလို့ တချို့ မီဒီယာ သမားတွေ ဝင်ခွင့် ကဒ်ပြား မရခဲ့ ကြလို့ အခက်အခဲ တွေ ဖြစ်ခဲ့ကြရတယ်လို့ ပြောပါတယ်။

ဒါပေမယ့် သက်ဆိုင်ရာကနေ စီစဉ်ပေးခဲ့လို့ ဝင်ခွင့် မရခဲ့ သူတွေ နောက်ပိုင်းမှာ ဝင်ခွင့် ရသွား ခဲ့တယ်လို့ ပြောပါတယ်။ နောက်ပိုင်း အားကစား ပွဲတွေမှာလည်း သတ်မှတ်ထားတဲ့ မီဒီယာ ကဒ်ပြားရှိရင် ဝင်ရောက် သတင်းယူခွင့်ရမှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။