ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့စီးပွားရေး

  • 28 နိုဝင်ဘာ 2013
သြစတြေးလျ ၀န်ကြီးချုပ် တိုနီအဘော့နဲ့ ဒေါ်စု

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သြစတြေးလျ နိုင်ငံခရီးစဉ် အတွင်း ဝန်ကြီးချုပ် Tony Abott ၊ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီ ဘစ်ရှော့ပ် တို့နဲ့ ဒီကနေ့ ကင်ဘာရာမြို့မှာ တွေ့ဆုံခဲ့ ပါတယ်။

အဲဒီ မတိုင်ခင်တော့ ဆစ်ဒနီမြို့က Lowy Institute of International Policy ဌာနချုပ်မှာ စီးပွားရေး ပညာရှင်တွေ၊ သြစတြေးလျက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေ အပါအဝင် လူ ၁၀၀ နီးပါးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်း စုကြည် ပြောသွားတာတွေနဲ့ ပတ်သက်လို့ သြစတြေးလျ နိုင်ငံ Macquarie University က တွဲဘက် ပါမောက္ခ ဒေါက်တာ Sean Turnell ကို ဆက်သွယ်ပြီး မေးကြည့် တော့ သူအဓိကပြောသွားတာက မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေကို ပြင်ဖို့ လိုအပ်နေတဲ့ အကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အန်အယ်ဒီပါတီဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကိစ္စတွေကို ကိုင်တွယ်ဖို့နဲ့ ပတ်သက်ပြီး သုတေသန လုပ်ငန်းတွေ အများကြီး လုပ်ထားတာ ရှိသလို နည်းလမ်းသစ်တွေကိုလည်း ကြံဆနေတယ် ၊ နောက်ထပ် ဆွေးနွေးတဲ့ အထဲမှာတော့ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ခဲ့ပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတဲ့ အကြောင်း ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးအတွက် သြစတြေးလျလို နိုင်ငံမျိုးဆီက တွန်းအားပေးဖို့လည်း လိုကြောင်းတွေ ပြောသွားတယ်လို့ ဒေါက်တာ Sean Turnell က ပြောပါတယ်။

ပြီးတော့ မြန်မာပြည် စီးပွားရေးဖွံ့ဖြိုးမှုရအောင် ဥပဒေစိုးမိုးမှုလည်း ရှိဖို့လိုတယ် ဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည် က ထည့်ပြောခဲ့ကြောင်း သိရပါတယ်။

စီးပွားရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်အယူအဆတွေဟာ သိပ်ကောင်းတာ တွေ့ရပါတယ် ၊ ဥပမာတခု ပြောရရင် သူ့အနေနဲ့ မြန်မာနိုင်ငံကို ၂၀ ရာစုပုံစံနဲ့ မသွားသင့်ဘူး၊ ၂၁ ရာစုပုံစံနဲ့သာ သွားသင့်တယ်ဆိုတာမျိုး တော်တော်ကောင်းတယ် ၊ ဆိုလိုတာက ၂၁ ရာစုမှာ စားနပ်ရိက္ခာထုတ်လုပ်တဲ့ နိုင်ငံတွေဟာ တပန်းသာလိမ့်မယ် ၊ တခြား ကုန်ပစ္စည်း ထုတ်လုပ်တဲ့နိုင်ငံတွေဟာ ၂၀ ရာစုမှာ အလုပ်ဖြစ်ခဲ့ပေမယ့် ၂၁ ရာစုကျတော့ အဲဒီလောက် အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး လို့ သုံးသပ် သွားတာကလည်း အလွန်အားရစရာဘဲလို့ ဒေါက်တာ Sean Turnell က ဆိုပါတယ်။

ဒါ့အပြင် တရုတ်လိုနိုင်ငံ မျိုးဟာ ကုန်ပစ္စည်းတွေ အများအပြားထုတ်နေပြီး အပြိုင်အဆိုင် များလာတာနဲ့ အမျှ ထုတ်ကုန် ပစ္စည်းတွေဟာလည်း စျေးပေါလာနိုင်တယ် ၊ တခါ တရုတ်နဲ့ အိန္ဒိယလို နိုင်ငံတွေမှာ စားနပ်ရိက္ခာကို အလုံအလောက် မထုတ်လုပ်နိုင်ဘူး ၊ ဒီတော့ အဲဒီ နိုင်ငံကြီးတွေ ကြားမှာ ရှိနေတဲ့ မြန်မာပြည်ဟာ စားနပ်ရိက္ခာ ထုတ်လုပ်မယ်ဆိုရင် အခွင့်အလမ်းတွေ ကောင်းလိမ့်မယ် ၊ ဒါကြောင့် စိုက်ပျိုးရေး ကဏ္ဍကို မြှင့်တင် သင့်တယ်ဆိုတဲ့ အယူအဆ က သိတ်ကို လက်ခံနိုင်စရာ အချက်ဘဲလို့ စီးပွားရေး ပညာရှင်က ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်နဲ့ တရားမျှတအောင် ကျင်းပပေးဖို့ သြစတြေးလျက တောင်းဆို ထားပါပြီး အဲဒီလို ဖြစ်ဖို့က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း လိုအပ်တဲ့ မျှတမှုရှိဖို့ လိုကြောင်း ၊ ဒါနဲ့ပတ်သက်လို့ သြစတြေးလျ အစိုးရကိုလည်း စောင့်ကြည့်ပေးဖို့ တိုက်တွန်းတာ ရှိမယ်လို့ သူ့အနေနဲ့ ထင်ကြောင်း ဒေါက်တာ Sean Turnell က ရှင်းပြခဲ့ပါတယ်။

သြစတြေးလျ အနေနဲ့ကလည်း ကမ္ဘာမှာ ဒီမိုကရေစီသက်တမ်း အရှည်ဆုံးနိုင်ငံ တခုဖြစ်တာနဲ့အညီ ဒီကိစ္စမှာဝင်ပြောဖို့ တာဝန်ရှိတယ်လို့ သူထင်ကြောင်း ဒေါက်တာ Sean Turnell က ဆိုသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ