ဗိုလ်ရဲထွဋ် ကွယ်လွန်ပြီ

  • 27 နိုဝင်ဘာ 2013
ye tut
တော်လှန်ရေးနေ့ တက်လာတဲ့ ဗိုလ်ရဲထွဋ်( ဝဲ)

မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အဓိက အခန်းက ပါခဲ့တဲ့ BIA ဗမာ့ လွတ်လပ်ရေး တပ်မတော် ကို စတင် ထူထောင်သူ ရဲဘော် သုံးကျိပ် ထဲက နောက်ဆုံး ကျန်ရစ်သူ ဗိုလ်ရဲထွဋ် ရန်ကုန် မြို့ မှာ ဗုဒ္ဓဟူး နေ့ည က ကွယ်လွန် သွားပါတယ်။

ကွယ်လွန်ချိန် မှာ အသက် ၉၂ နှစ် ရှိသူ ဗိုလ်ရဲထွဋ်ဟာ ၁၃ဝဝ ပြည့် အရေးတော်ပုံ နဲ့ ကျောင်းသား သမဂ္ဂ တွေမှာ ပါဝင်ခဲ့ပြီး သခင် ကိုယ်တော်မှိုင်း တို့ဗမာ အစည်းအရုံး ဝင် သခင်အောင်သိန်း အဖြစ် လှုပ်ရှား ခဲ့ပါတယ်။

၁၉၄၁ မှာ ဒုတိယ အသုတ် စေလွှတ်တဲ့ ဂျပန် စစ်ပညာသင် အုပ်စုမှာ ပါဝင် ခဲ့ပြီး ဟိုင်နန်မှာ စစ်ပညာ သင်ခဲ့ပြီး ဘန်ကောက်မှာ ဗမာ့ တပ်မတော် ဖွဲ့စည်းချိန် မှာ ဗိုလ်ရဲထွဋ် အမည်ခံ ခဲ့ပါတယ်။

BIA ၊BDA တပ်ရင်းမှူး တာဝန်တွေနဲ့ ဖက်ဆစ် တော်လှန်ရေး မှာ တိုင်း ၆ တိုင်းမှူး၊ စစ်ပြီးခေတ် ပြန်ဖွဲ့တဲ့ ဗမာ့ တပ်မတော် တပ်ရင်း ၃ တပ်မှူးထိ တာဝန် အဆင့်ဆင့် ထမ်းဆောင်ပြီး တော်လှန်သော ဗမာ့ တပ်မတော် ခေါင်းဆောင် တယောက် အနေနဲ့ ၁၉၄၈ ဩဂုတ် မှာ တောခိုခဲ့ ပါတယ်။

ဖဆပလနဲ့ လက်ဝဲ ညီညွတ်ရေး ကောင်စီ၊ နောက် တောတွင်း ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု၊ ဗမာပြည် ကွန်မြူနစ် ပါတီ ပြည်သူ့ တော်လှန်ရေး စစ်ကောင်စီ၊ အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု စတဲ့ အဖွဲ့အစည်း တွေမှာလည်း ပါဝင် ဆောင်ရွက် ခဲ့ပါတယ်။

၁၉၆၂ မှာ အလင်းဝင်ပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟို ကော်မတီဝင် အဖြစ် ၁၉၇၇ ထိ ဆောင်ရွက် ခဲ့သလို ၁၉၈၈ မှာ တပ်မတော် တပ်မှူးဟောင်းများ အဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထူထောင်ချိန် တွေမှာ ပါဝင် လှုပ်ရှား ခဲ့ဖူး ပါတယ်။

ဘီအိုင်အေ သူရဲကောင်း တံဆိပ်နဲ့ မော်ကွန်းဝင်၊ နိုင်ငံ့ဂုဏ်ရည် ပထမဆင့်တွေ ရရှိခဲ့ ပါတယ်။

၂ဝဝ၈ ခုနှစ်က ကွယ်လွန်တဲ့ ဇနီး ဒေါ်ခင်ကြည် ဟာလည်း ဗိုလ်ချုပ် အောင်ဆန်း ဖွဲ့စည်းတဲ့ အမျိုးသမီး တပ်ဖွဲ့ဝင် ဖြစ်ပြီး ဖက်ဆစ် တော်လှန်ရေးမှာ ဗိုလ်ရဲထွဋ်နဲ့ အတူ ပါဝင် ခဲ့ပါတယ်။