BBC navigation

အပစ်ရပ်ဖို့က ပထမလို့ တိုင်းရင်းသားတွေ သဘောတူ

နောက်ဆုံး ရေးသားချိန် 26 နိုဝင်ဘာလ 2013 - 15:16 GMT

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို အရင် လက်မှတ်ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ကို တိုင်းရင်းသား လက်နက်ကိုင်တွေက ဒီကနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ သဘောတူလိုက်ပါတယ်။

ချင်းမိုင်မြို့မှာ ဒီကနေ့ကစပြီး ၃ ရက်ကြာ ဆွေးနွေးမှာဖြစ်တဲ့ လိုင်ဇာ သဘောတူညီချက်နဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အကောင်အထည် ဖေါ်ဆောင်ရေး ကော်မတီ အစည်းအဝေးက ခုလို သဘောတူလိုက်တာဖြစ်ပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲ မလုပ်ခင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ် ရေးထိုးဖို့ အတွက် စာချုပ်မှာ ပါမယ့် အချက်တွေကို ဒီဆွေးနွေးပွဲမှာ ပြုစုမှာဖြစ်ပြီး ယခင်က လိုင်ဇာသဘောတူညီချက်မှာ လက်မှတ် မထိုးရသေးတဲ့ ကချင်နဲ့ ပလောင် အဖွဲ့တွေလည်း ခုတခါမှာ ပါဝင် လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။

စစ်တပ်က ပေးထားတဲ့ စာချုပ်နဲ့ လိုင်ဇာမှာ တိုင်းရင်းသားတွေ ဆုံးဖြတ်ထားတဲ့ အချက်တွေ အားလုံး ပါဝင်နိုင်အောင် ညှိနှိုင်းနေတယ်လို့ ယူအဲန်အက်ဖ်စီ ညီညွှတ်သော တိုင်းရင်းသားများ ကောင်စီ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။ လိုင်ဇာ အစည်းအဝေး မတက်ရောက်ခဲ့တဲ့ ဝနဲ့ မိုင်းလား အဖွဲ့တွေ ပါဝင်လာနိုင်ရေး အတွက် ယူအဲန်အက်ဖ်စီက ကိုယ်စားလှယ် လွှတ်ပြီး ဆွေးနွေးဖို့ ရှိတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

စစ်တပ်က ပေးထားတဲ့ စာချုပ်ထဲမှာ တိုင်းရင်းသားတွေ လက်မခံနိုင်တဲ့ အချက်တွေကတော့ စစ်သားသစ် စုဆောင်းခွင့် မရှိ၊ လူအင်အားနဲ့ လက်နက်အင်အား စာရင်း ပေးရန် နဲ့ လူထုကြားမှာ ဆက်ကြေး မကောက်ရ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

တိုင်းရင်းသားဘက်က တောင်းဆိုတဲ့ ဖယ်ဒရယ်စစ်တပ် ဖွဲ့စည်းရေးကိုလဲ အစိုးရဘက်က လက်မခံနိုင်ဘူးလို့ သိရပြီး ဒါတွေဟာ နောင်ဆွေးနွေးပွဲတွေမှာ ဒီအချက်တွေကို အဓိကထား ညှိနှိုင်းကြရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။