သမ္မတ၊ လွှတ်တော်၊စစ်တပ်နဲ့ တွေ့ဖို့ ဒေါ်အောင်ဆန်းစုကြည်ပန်ကြား

  • 23 နိုဝင်ဘာ 2013
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ မေလက လူထုဆန္ဒ ခံယူပွဲလုပ်ပြီး အတည်ပြုခဲ့

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန် ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ NLD အမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သမ္မတ ဦးသိန်းစိန် ကို စာနဲ့ မေတ္တာ ရပ်ခံ ပန်ကြားမယ်လို့ သိရပါတယ်။

ဒီလို စာရေးသား ပန်ကြားဖို့ကို စနေနေ့က ကျင်းပခဲ့တဲ့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ အားလုံးနဲ့ အတူ တွေ့လိုတဲ့ ဆန္ဒ ရှိနေကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေးဟာ တိုင်းပြည်အတွက်ရော၊ တိုင်းပြည် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွက်ရော သိပ်ကို အရေးကြီးတယ် ဆိုတာ ရှင်းပြဖို့ တွေ့မှာ ဖြစ်ကြောင်း NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က ဘယ်လောက်ထိ ပူးပေါင်း ဆောင်ရွက်မလဲဆိုတာ မပြောနိုင်ကြောင်း၊ ဒါပေမယ့် လည်း NLD အနေနဲ့ ၂၅နှစ်လုံးလုံး ကျင့်သုံးလာတဲ့ မူအတိုင်း လုပ်သင့် လုပ်ထိုက် တဲ့ အလုပ်တွေကို ဆက်ကြိုးစား လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။